၂၀၃၀ မှာ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးအတွက် အမေရိကန်က ‌ထောက်ပံ့မယ်

အာရက္ခတိုင်းမ်စ် (၃ နိုဝင်ဘာ ၂၀၂၆)

မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဦးတည်စေမယ့် တိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ ကြိုးပမ်းမှုတွေကို ထောက်ပံ့မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ‌ဩဂုတ် ၃၁ ရက်မှာ အတည်ပြုထားတဲ့ U.S Mission to Burma Integrated Country Strategy မှာ ဖော်ပြထားပါတယ်။

အဲဒီစာတမ်းထဲမှာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို ဖော်ပြထားသလို တရုတ်နဲ့ အိန္ဒိယတို့အနီးမှာ တည်ရှိနေတာကြောင့် အမေရိကန်အတွက် အရေးပါတဲ့ နိုင်ငံဖြစ်တယ်လို့လည်း ရေးသား ဖော်ပြထားတာပါ။

အမေရိကန်ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေနဲ့ ဦးတည်ချက်တွေကိုလည်း ဖော်ပြထားပြီး မိတ်ဖက်တွေနဲ့ ပူးပေါင်း၍ မြန်မာနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်မှု ကွန်ရက်တွေကို ဖြိုခွဲရန်၊ အွန်လိုင်းငွေလိမ်စင်တာတွေ၊ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ တရားမဝင် လူဝင်မှုကြီးကြပ်ရေးတွေကို တိုက်ဖျက်ရာမှာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် မြန်မာအာဏာပိုင်များနှင့် နိုင်ငံရပ်ခြား ပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရင်း မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာသက်တမ်းကျော်လွန် နေထိုင်မှုနှုန်းကို သုညအထိ လျှော့ချရန်တို့ရည်မှန်းထားတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စီးပွားရေးကိစ္စမှာလည်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်းစီ တန်ဖိုးရှိတဲ့ အဓိက စီးပွားရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ၃ ခုထက်မနည်း ရရှိအောင် ဆောင်ရွက်ခြင်းနဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ကို အဓိက ကုန်သွယ်ဖက်နှင့် ကုန်ပစ္စည်းဖြန့်ဖြူးသူအဖြစ် နေရာယူဖို့၊ ၂၀၃၀ ပြည့်နှစ် မတိုင်မီ ပစ်မှတ်ထား စည်းရုံးဆွေးနွေးမှုတွေမှတစ်ဆင့် အမေရိကန် ကုန်ပစ္စည်းများနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ တင်သွင်းမှုကို ၃ ဆအထိ တိုးမြှင့်ဖို့လည်း ပါရှိပါတယ်။

ငြိမ်းချမ်းရေးပိုင်းမှာလည်း ၂၀၃၀ ပြည့်နှစ်မှာ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဦးတည်စေမယ့် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိရန် ကြိုးပမ်းမှုတွေကို ထောက်ပံ့ဖို့၊ အခြားဒေသတွင်း ဩဇာလွှမ်းမိုးသူတွေထက် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ဖန်တီးနိုင်ဖို့နဲ့ ၂၀၃၀ မတိုင်မီ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြင်ဆင်တဲ့အနေဖြင့် ပြည်နယ်နဲ့ ဒေသဆိုင်ရာ အတိုက်အခံအဖွဲ့အစည်းတွေအကြား သဘောထားကွဲလွဲမှုများကို လျှော့ချဖို့ ရည်မှန်းထားတာပါ။

အမေရိကန်နဲ့ မြန်မာတို့ရဲ့ ပူးပေါင်းပါဝင်မှုဟာ နှစ်နိုင်ငံစလုံးကို ဘယ်လိုအကျိုးဖြစ်ထွန်းစေကြောင်း ပြသတဲ့ လုပ်ငန်းအဆင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုနဲ့ ပစ်မှတ်ထားတဲ့ ပြည်သူ့ဆက်ဆံရေး မက်ဆေ့ဂျ်တွေကို တိုးမြှင့်ခြင်းနဲ့ မြန်မာနိုင်ငံတွင်း အမေရိကန်ရဲ့ ဩဇာကို ခိုင်မာစေဖို့ကိုလည်း ရည်မှန်းထားကြောင်း၊ အမေရိကန်ရဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ အဓိက ထိခိုက်လွယ်ဆုံး လူဦးရေရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းထံ ရောက်ရှိစေဖို့နဲ့ ဦးဆောင်လှူဒါန်းသူအဖြစ် ရပ်တည်နိုင်ဖို့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုတွေကို ပေါင်းစပ်ဆောင်ရွက်ဖို့လည်း စာတမ်းမှာ ပါရှိတာပါ။

စာတမ်းထဲမှာ စစ်ကောင်စီနဲ့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မယ်လို့ တိတိကျကျရေးသား မဖော်ပြထားသော်လည်း မြန်မာအာဏာပိုင်တွေနဲ့ ပြန်လည်လက်ခံရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ နေပြည်တော်ရှိ ဆုံးဖြတ်ချက်ချမှတ်သူတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးဖို့ဆိုတဲ့ ရည်မှန်းချက်တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

Related posts

ကျောက်တော်မှာ ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ဆရာတော်ဒဏ်ရာရ၊ ကျောင်းဆောင်ပြိုကျ

ရက္ခိုင်ကို တင်ပို့မယ့် ဘိလပ်မြေ တန် ၄၀ နဲ့ လူ ၄ ဦးကို ဘင်္ဂလားဒေ့ချ် ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီး

မြန်မာနိုင်ငံမှာ စစ်ဘေးရှောင် ၄ သန်းကျော်ရှိ၊ ရက္ခိုင်ပြည်က ဒုတိယအများဆုံး