အာရက္ခတိုင်းမ်စ် (၁၀ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကြက်ကိုင်းရွာမှာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်က အဘိုးအိုတစ်ဦးကို ဓားနဲ့ခုတ်ပြီး ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တဲ့ အမှုမှာ တရားခံကို အောက်တိုဘာလ ၁၄ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ထုတ်ပြန်ခဲ့ပါတယ်။
DLEPS ရဲ့ ထုတ်ပြန်ချက်အရ အခင်းဖြစ်တဲ့နေ့မှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက အသက် ၆၈ နှစ်အရွယ် အဘိုးအိုရဲ့ နေအိမ်ကို ရောက်လာပြီး ငွေကျပ် တစ်သောင်း အကြွေးတောင်းပြီး အသင့်ချက်ပြုတ်ထားတဲ့ ထမင်း၊ ဟင်းတွေကို ခွင့်ပြုချက်မရှိဘဲ ခူးယူစားသောက်တာကို အဘိုးအိုက တားမြစ်လို့ စကားများ ရန်ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဒီနောက် တရားခံက အိမ်ပေါ်မှာ ရှိတဲ့ ထင်းခုတ်ဓားနဲ့ ခုတ်ပြီး ထွက်ပြေးသွားတယ်လို့ DLEPS က ဆိုပါတယ်။
DLEPS ရဲ့ ထုတ်ပြန်ချက်အရ တရားခံက ဖမ်းဆီးခံရမှာကို စိုးရိမ်လို့ တောင်ကုတ်မြို့နယ်က ဇီးကွင်းရွာချောင်းဖျားအနားက လူသူမရှိတဲ့ တဲတွေ၊ တောစပ်တွေမှာ ပုန်းအောင်းနေခဲ့ပါတယ်။
DLEPS ရဲ့ နယ်ထိန်းတပ်ဖွဲ့ဝင်တွေက သတင်းအချက်အလက်တွေကို စုံစမ်းဖော်ထုတ်ပြီး အောက်တိုဘာလ ၁၄ ရက် နေ့ခင်း ၂ နာရီခွဲမှာ ဇီးကွင်းချောင်းဖျားအနားက ညောင်အိုင်ဆိုတဲ့နေရာမှာ ပုန်းအောင်းနေတဲ့ တရားခံကို အမှုမှာအသုံးပြုခဲ့တဲ့ ထင်းခုတ်ဓားတစ်ချောင်းနဲ့အတူ လက်ရဖမ်းဆီးခဲ့ပါတယ်။
ဖမ်းမိတဲ့လူကို တရားဥပဒေနဲ့အညီ တရားစွဲဆိုနိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ DLEPS က ဆိုပါတယ်။