အာရက္ခတိုင်းမ်စ် (၁၀ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ကို ဝင်ရောက်နိုင်ရန်အတွက် မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ကထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျောက်ထုမြို့၊ အမှတ် (၃၆၈) အမြောက်တပ်ရင်း (အမတ-၃၆၈) မှာ ခေတ္တအခြေပြုပြီးနောက် ကံကြီးလမ်းဆုံကတဆင့် စစ်ရေးအရှိန်မြင့်နေတဲ့ မင်းတပ်စစ်မျက်နှာဘက်ကို အင်အားဖြည့်တင်းဖို့ ထပ်မံ တက်ရောက်သွားခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်က မင်းတပ်နဲ့ ကန်ပက်လက်စစ်မျက်နှာတွေမှာ စစ်အင်အားနဲ့ လက်နက်ပစ်ကူ အမြောက်အမြားသုံးပြီး ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာ နှစ်ဝက်နီးပါး ကြာပြီဖြစ်ပေမယ့် အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေရဲ့ ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒရုန်းနဲ့တိုက်ခိုက်ထားတဲ့ ရုပ်သံမှတ်တမ်းအချို့ကို လူမှုကွန်ရက်ပေါ်ကို ထုတ်လွှင့်လာတာကိုလည်း တွေ့နေရပါတယ်။
ကျောက်ထုမြို့မြောက်ဘက်က ကြီးကျေးရွာမှာ အခြေပြုခဲ့တဲ့ စစ်ကောင်စီရဲ့ အခြားစစ်ကြောင်းတစ်ခုက ထီးလင်းမြို့နယ်၊ ရွှေအောင်သာကျေးရွာဘက်ကို ဦးတည်ရွေ့လျားလာပြီး ညနေပိုင်းမှာ အဲဒီဒေသမှာ တပ်ဖြန့်နေရာယူထားတယ်လို့ သတင်းရရှိပါတယ်။
လောင်းရှည်၊ ငှက်ပြာဝအခြေစိုက် ကပစ (၂၅) ကထွက်ခွာလာပြီး ချင်းပြည်တောင်ပိုင်း ကျင်ဒွေးမြို့ကို ဦးတည်ဖို့ ပြင်ဆင်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက လှိုင်ဒုတ်ကျေးရွာမှာ အာရက္ခတပ်တော်န့ ပူးပေါင်းမဟာမိတ်တပ်တွေရဲ့ ပိတ်ဆို့ဟန့်တားမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်သွားတယ်လို့လည်း သူက ဆိုပါတယ်။