အာရက္ခတိုင်းမ်စ် (၁၀ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာမှာ နိုဝင်ဘာလ ၅ ရက် ညသန်းခေါင်ယံမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ရဲ့ ပျက်စီးမှုနေရာဟာ နန်းကျားကျေးရွာအတွင်းမှာပဲ ဖြစ်ကြောင်း Myanmar Witness က နည်းပညာနဲ့ တိုက်စစ်ပြီး အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်က နိုဝင်ဘာလ ၅ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာအမျိုးအစား တိုက်လေယာဉ်တစ်စီးက ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းမဘေးက နန်းကျားကျေးရွာကို ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Myanmar Witness က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဖြစ်စဉ်ရုပ်သံမှတ်တမ်းတွေ၊ ဓာတ်ပုံတွေထဲက ထင်ရှားတဲ့ ပြင်ပအမှတ်အသားတွေကို Google Earth ဂြိုဟ်တုပုံတွေနဲ့ တိုက်စစ်ခဲ့ရာမှာ ပျက်စီးမှုဖြစ်ပွားခဲ့တဲ့ နေရာဟာ နန်းကျားကျေးရွာအတွင်းမှာပဲဖြစ်ကြောင်း နေရာသတ်မှတ် အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။