ရက္ခိုင်မှာ စပါးတစ်တောင်း ၉ ကီလိုဂရမ် (သို့) နို့ဆီဘူး ၅၅ ဘူးထက်မပိုအောင် ULA/AA စံသတ်မှတ်

အာရက္ခတိုင်းမ်စ် (၁၀ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း စပါးရောင်းဝယ်ရာမှာ စပါးတစ်တောင်းကို အလေးချိန် ၉ ကီလိုဂရမ် (သို့) နို့ဆီဘူး ၅၅ ဘူးထက်မပိုတဲ့ အတိုင်းအတာနဲ့ တပြေးညီ ချိန်တွယ်ရောင်းဝယ်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စံနှုန်းတစ်ခုအဖြစ် အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

စပါးတစ်တောင်းကို အလေးချိန် ၉ ကီလိုဂရမ်နဲ့ တိတိကျကျ ချိန်တွယ်ရမှာဖြစ်ပြီး ကီလိုနဲ့ ချိန်ဖို့ အခက်အခဲရှိတဲ့ ဒေသတွေမှာတော့ ရောင်းသူ၊ ဝယ်သူ နှစ်ဦးသဘောတူညီမှုနဲ့ နို့ဆီဘူး ၅၅ ဘူးထက် မပိုတဲ့ အရေအတွက်နဲ့ တပြေးညီ ရောင်းဝယ်ရမယ်လို့ ဆိုပါတယ်။

ULA/AA ရဲ့ ထုတ်ပြန်ချက်အရ ယခင်က ရက္ခိုင်ပြည်က ခရိုင်အသီးသီးမှာ စပါးအမျိုးအစားအလိုက် တစ်တောင်းကို နို့ဆီဘူးအရေအတွက် မတူဘဲ ကွဲပြားစွာ ချိန်တွယ်ရောင်းဝယ်နေကြတာကြောင့် ရောင်းဝယ်ရေး အခေါ်အဝေါ်တွေ ရှုပ်ထွေးပြီး ဈေးနှုန်းအပြောင်းအလဲလည်း မြန်ဆန်တယ်လို့ ဖော်ပြထားပါတယ်။

ယခုသတ်မှတ်ချက်က ဒီအခက်အခဲတွေကို ဖြေရှင်းဖို့၊ လယ်သမားတွေ ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိစေဖို့၊ ဈေးကွက်မှာ ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

ULA/AA ရဲ့ သက်ဆိုင်ရာအစိုးရဌာနတွေ၊ ကော်မတီတွေနဲ့ ကော်မရှင်တွေက ဒီသတ်မှတ်ချက်ကို ကိုယ်တိုင်လိုက်နာဆောင်ရွက်ဖို့၊ ရက္ခိုင်ပြည်သူတွေ တပြေးညီလိုက်နာနိုင်ဖို့ အဆင့်ဆင့် အသိပေး ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ရက္ခိုင်က လယ်သမားတွေက ကုန်သည်တွေ စပါးတစ်တောင်းကို ၆၀ ကနေ ၆၅ ဘူးအထိ ပိုကြီးတဲ့ တောင်းနဲ့ ဝယ်ယူနေကြောင်း၊ အရင်က ၅၂ ကနေ ၅၄ ဘူးဖြစ်ကြောင်း ပြောနေကြတာဖြစ်လို့ ULA က စပါးရောင်းဝယ်ရေး စံတိုင်းတာမှုတစ်ခု သတ်မှတ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

Related posts

နန်းကျားရွာ ဗုံးကြဲမှု သတင်းမှန်ကြောင်း Myanmar Witness အတည်ပြု

ပုဏ္ဏားကျွန်းတောင်ပိုင်းကို စစ်ကောင်စီ ထပ်မံထိုးစစ်ဆင်ဖို့ လှုပ်ရှား၊ ငပြီကျွန်းမှာ တိုက်ပွဲဆက်ဖြစ်နေ

ရက္ခိုင်ကို ဝင်ရောက်နိုင်ရန် မင်းတပ်နဲ့ ချင်းစစ်မျက်နှာပြင်ဘက်ကို စစ်ကောင်စီစစ်ကြောင်းတွေ ထပ်မံအင်အားဖြည့်