အမတ-၃၄၄ ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီကို AA တိုက်ခိုက်၊ စစ်ကောင်စီက Paramotor ၄ စီး အသုံးပြု ဗုံးကြဲနေ

အာရက္ခတိုင်းမ်စ် (၁၂ နိုဝင်ဘာ ၂၀၂၆)

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ မြောက်စမ်း အမှတ် (၃၄၄) အမြောက်တပ်ရင်း (အမတ-၃၄၄) နဲ့ သာပေါင်း-ရေကြည်အစပ် ရိုးမတလျှောက်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ကြားဖြတ်တိုက်ခိုက်နေလို့ စစ်ကြောင်းတွေ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေကြောင်း သိရပါတယ်။

စစ်ကောင်စီက စက်ဒေါင့်ကြီးနဲ့ ဝါးတောကွင်းဘက်ကတဆင့် သုံးတန်ကူ၊ ခုနစ်တန်ကူကို ဖြတ်ကျော်ပြီး အမြောက်တပ်အနောက်ဘက်က သီတာကုန်းပြင်ကို စစ်ကူပို့ဖို့ ကြိုးစားနေစဉ် အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမတ်တပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ဆက်တိုက် ကြုံနေရတယ်လို့ ဆိုပါတယ်။

မြေပြင်စစ်ကြောင်းတွေ တိုက်ခိုက်ခံနေရလို့ စစ်ကောင်စီတပ်က ပုသိမ်မြို့နယ်က ပလခတပ်နယ်ကတဆင့် စက်တပ်လေထီး (Paramotor) ၄ စီးသုံးပြီး တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီက အောက်တိုဘာလအတွင်း ရန်ကုန်ကနေ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ကို လက်နက်ခဲယမ်းနဲ့ စစ်အင်အား အပြည့်တင်ထားတဲ့ ယာဉ်တန်းတွေ ပို့ခဲ့ပြီး ကျုံပျော် (ခလရ-၃၆)၊ ဖျာပုံ (ခလရ-၉၈)၊ ဓနုဖြူ (ခလရ-၁၀၈)၊ တပ်မ-၆၆ လက်အောက်ခံ (ခလရ-၁၄) နဲ့ ဟင်္သာတ (ခလရ-၁၈) တို့အပါအဝင် ထုတ်နှုတ်အင်အား ထောင်ချီကို ရေကြည်အမြောက်တပ်ထဲ ဖြည့်တင်းထားတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ကတော့ ယခင်က ရေကြည်အမြောက်တပ်ရဲ့ ကာကင်းစခန်းတွေနဲ့ သာပေါင်း-ရေကြည်အစပ်က စစ်ကောင်စီရဲ့ ပွိုင့်စခန်းကုန်းတွေကို ဆက်တိုက်သိမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Related posts

စက်စက်ယိုကျေးရွာမှာ ရက္ခိုင်စစ်ဘေးရှောင် လူငယ်တစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးလျက် တွေ့ရှိ

တရုတ်ပြောတဲ့ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စစ်ကောင်စီ မကြိုက်

ကျောက်ထုကထွက်တဲ့ စစ်ကြောင်း ရွှေအောင်သာရွာအတွင်း ဝင်ရောက်၊ လမ်းမှာ မိုင်းပေါက်ကွဲမှု ၁၀ ကြိမ်ခန့်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရ