နိုဝင်ဘာ ၁၈၊ ၁၉ ရက်မှာ ရက္ခိုင်မြောက်ပိုင်းအပါအဝင် အနောက်မြောက်ပိုင်းမှာ မိုးသည်းနိုင်

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာ ၂၀၂၆)

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာမယ့် မုန်တိုင်းစနစ်ဟာ မြန်မာနိုင်ငံ ကမ်းရိုးတန်းပေါ်ကို တိုက်ရိုက်ဖြတ်ကျော်ဝင်ရောက်နိုင်ခြေ နည်းပါးတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

နိုဝင်ဘာလ ၁၇ ရက်ကစပြီး မုန်တိုင်းက အိန္ဒိယအရှေ့ဘက်ကမ်းခြေကို ချဉ်းကပ်ချိန်မှာ အရှေ့ဘက်ကို လေပွေလှိုင်း အဖျားခတ်မှု ဖြန့်ကျက်လာပြီး နိုဝင်ဘာလ ၁၈၊ ၁၉ ရက် မော်ဒယ်မြေပုံတွေအရ မုန်တိုင်းအမြီးတန်းနဲ့ အထက်လေပွေလှိုင်းတွေ ပေါင်းစပ်ကာ ဘင်္ဂလားဒေ့ချ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း (ရက္ခိုင်မြောက်ပိုင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ချင်းနဲ့ ကချင်) ဒေသတွေဆီ မိုးတိမ်စိုင်တွေ ဆွဲတင်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၁၈၊ ၁၉ ရက်တွေမှာ ချင်းပြည်၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်ပြည်နဲ့ ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတွေမှာ နေရာကွက်ကျားကနေ နေရာစိပ်စိပ် မိုးသည်းထန်စွာ ရွာနိုင်ခြေရှိတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

အနောက်မြောက်ပိုင်းဒေသ (စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ချင်း၊ ရက္ခိုင်မြောက်ပိုင်း) က စိုက်ပျိုးရေးတောင်သူတွေအနေနဲ့ နိုဝင်ဘာလ ၁၃ ကနေ ၁၆ ရက်အထိ ရာသီဥတု ခြောက်သွေ့နေမှာကြောင့် မိုးစပါး ရိတ်သိမ်း၊ နယ်လှေ့၊ နေလှန်းတာတွေကို အချိန်မဆိုင်းဘဲ ဆောင်ရွက်ထားဖို့ အကြံပြုထားပါတယ်။

နိုဝင်ဘာလ ၁၈၊ ၁၉ ရက်မှာ မိုးသည်းထန်စွာ ရွာနိုင်ခြေ (၂၀ ကနေ ၅၀ မီလီမီတာအထက်) မြင့်တက်လာနိုင်လို့ ကောက်လှိုင်းနဲ့ စပါးပုံတွေ ရေစိုမခံရအောင် မိုးကာစတွေနဲ့ ကြိုတင်ဖုံးအုပ်ထားဖို့လည်း ဦးဝင်းနိုင်က အကြံပြုထားပါတယ်။

မုန်တိုင်းရဲ့ အဖျားခတ်မိုးတိမ်တိုက်ကြီးတွေကြောင့် ရက္ခိုင်ပြည်မြောက်ပိုင်း (စစ်တွေ၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး)၊ ချင်းပြည်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းအနောက်ခြမ်း (ရက္ခိုင်ရိုးမအနီး) မှာ မိုးသည်းထန်စွာရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

ရက္ခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ပင်လယ်ပြင်တွေမှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးတာ၊ ပင်လယ်ရေမြင့်တက်တာတွေ ကြုံတွေ့ရနိုင်တယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင်ပြည်နဲ့ အနောက်ပိုင်းဒေသတွေမှာ မိုးလွန်ကာလ မိုးသည်းထန်လို့ စပါးခင်းတွေ ရေနစ်မြုပ်တာ၊ စပါးနှံတွေ ယိုင်လဲပျက်စီးတာ၊ ချင်းတောင်တန်းတွေမှာ မြေပြိုတာနဲ့ လျှပ်တစ်ပြက်ရေကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

Related posts

လူ့အခွင့်အရေးနဲ့ လူမှုသဟဇာတဖြစ်မှုသင်တန်း တက်ရောက်ဖို့ လူငယ်တွေကို AYPN ဖိတ်ခေါ်

ကျောက်ဖြူမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ စစ်ကောင်စီက လက်နက်ကြီးနဲ့ စနဲမြို့ကို ပစ်ခတ်

မနီလာအာဆီယံထိပ်သီးကို မင်းအောင်လှိုင် တက်ခွင့်မရ