ကျောက်ဖြူမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ စစ်ကောင်စီက လက်နက်ကြီးနဲ့ စနဲမြို့ကို ပစ်ခတ်

အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူတပ်နယ်အတွင်းက စနဲ၊ တောင်မော်ကြီး၊ သိုင်းချောင်းနဲ့ မင်းပြင် စတဲ့ဒေသတွေမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ သိရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာလ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်မှာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ဘက်ကို ရေကြောင်းက စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေရဲ့ လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတွေရဲ့ အိုးအိမ်ပစ္စည်းတွေ မီးထဲပါသွားခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်အတွင်း တိုက်ပွဲတွေ ပြန်စတာ ၃ နှစ်ပြည့်မြောက်တဲ့ နိုဝင်ဘာလ ၁၃ ရက်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က စစ်ကောင်စီဆီကနေ မြို့တွေကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခဲ့ပြီး ယခုအခါ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို ဆက်လက် သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုထားပါတယ်။

Related posts

လူ့အခွင့်အရေးနဲ့ လူမှုသဟဇာတဖြစ်မှုသင်တန်း တက်ရောက်ဖို့ လူငယ်တွေကို AYPN ဖိတ်ခေါ်

မနီလာအာဆီယံထိပ်သီးကို မင်းအောင်လှိုင် တက်ခွင့်မရ

ရက္ခိုင်မှာ နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရ စစ်ရှောင် ၁၂ ဦးသေ၊ နေအိမ် ၇ လုံး မီးလောင်