အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်း၊ အများပြည်သူ သွားလာအသုံးပြုတဲ့ လမ်းတံတားတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ဗျာလစစ်ဘေးရှောင်စခန်းကို နိုဝင်ဘာလ ၁၃ ရက် ည ၇ နာရီခန့်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်ပြည်သူ ၁၂ ဦးသေပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
နေအိမ်တွေနဲ့ အသုံးအဆောင်တွေလည်း ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော်က ပြောပါတယ်။
ဒီစခန်းကို အောက်တိုဘာလ ၄ ရက်မှာလည်း တိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင် ၆ ဦးသေ၊ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာ အဉ္ဇနပူရမြို့နယ်က စွန်ရဲကျေးရွာတံတားကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တံတားအစိတ်အပိုင်းအချို့ ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပတယ်။
ရမ်းဗြဲမြို့နယ်က သဇင်တန်ပေါက်တံတားနဲ့ သံသမချေတံတားကိုလည်း စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးပြီး လေကြောင်းကလည်း ထပ်မံဗုံးကြဲခဲ့လို့ အများပြည်သူ သွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ အဟန့်အတား ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီနေ့ မနက် ၉ နာရီခွဲခန့်မှာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကို စစ်ကောင်စီ စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံတွေရဲ့ နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော်က သိရပါတယ်။