ရက္ခိုင်မှာ နိုဝင်ဘာ ၁၇ ကနေ ၂၁ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်

အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၆)

ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းအရှိန်ကြောင့် နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၁ ရက်အတွင်း ရက္ခိုင်ပြည်ကမ်းရိုးတန်းဒေသတွေအပြင် မြစ်ဝကျွန်းပေါ်ဒေသ၊ နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ထံက သိရပါတယ်။

အထူးသဖြင့် နိုဝင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ရက္ခိုင်ကမ်းရိုးတန်းနဲ့ မကွေးတိုင်းမှာ မိုးအသင့်အတင့်ကနေ မိုးသည်းနိုင်တယ်လို့ ဆိုပါတယ်။

ရက္ခိုင်ပြည်အတွင်းက ဒေသခံတောင်သူတွေအနေနဲ့ ရိတ်သိမ်းဆဲ မိုးစပါးတွေ မိုးမမိစေဖို့ ဂရုစိုက်ကြဖို့ အကြံပြုထားပါတယ်။

နိုဝင်ဘာလ ၁၈ ကနေ ၂၀ ရက်အတွင်း မိုးရွာသွန်းမှု အများဆုံး ဖြစ်နိုင်ခြေရှိလို့ ရက္ခိုင်ပြည်က ရင့်မှည့်ပြီးတဲ့ မိုးစပါးခင်းတွေကို နိုဝင်ဘာလ ၁၇ ရက် မတိုင်မီ ရိတ်သိမ်းချွေလှေ့ဖို့၊ စပါးကွင်းပြင်တွေမှာ အကာအကွယ်မဲ့ ပုံမထားဘဲ တာပေါ်လင်တွေနဲ့ ဖုံးအုပ်ဖို့ ဒါမှမဟုတ် အမိုးအကာအောက်ကို ရွှေ့ဖို့လည်း ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။

မရိတ်သိမ်းရသေးတဲ့ စပါးခင်းတွေမှာ မိုးရေဝပ်ပြီး စပါးပင်တွေ လဲပြိုပျက်စီးတာ၊ အပင်ပေါက်တာ မဖြစ်စေဖို့ ကန်သင်းရေထွက်ပေါက်တွေကို ကြိုတင်ဖွင့်ထားဖို့လည်း လမ်းညွှန်ထားပါတယ်။

ဆောင်းသီးနှံစိုက်မယ့် တောင်သူတွေအတွက်တော့ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ နေကြာ စတဲ့ ဆောင်းသီးနှံတွေကို မိုးရွာသွန်းမှု ပြီးဆုံးမယ့် နိုဝင်ဘာလ ၂၁ ရက်နောက်ပိုင်းမှ မျိုးစေ့ချစိုက်ဖို့၊ မိုးစဲတာနဲ့ မြေဆီလွှာအစိုဓာတ်ကို အသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ အချိန်မီ ဆက်လုပ်ဖို့လည်း ဦးဝင်းနိုင်က အကြံပြုထားပါတယ်။

ဓာတ်ပုံ – AI

Related posts

AA ပုံရိပ်ထိခိုက်စေရန် ရည်ရွယ်ပြီး ဗီဒီယိုအတုများ ဖန်တီးနေ

ကျောက်ဖြူက ရဲတပ်ရင်း ၃၂ အနီးကို AA က ထိုးစစ်ဆင်နေ

လူ့အခွင့်အရေးနဲ့ လူမှုသဟဇာတဖြစ်မှုသင်တန်း တက်ရောက်ဖို့ လူငယ်တွေကို AYPN ဖိတ်ခေါ်