အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၆)
တရုတ်စီမံကိန်းတွေ တည်ရှိရာ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က တောင်မော်ကြီးရေတပ်စခန်းကနေ AA ထိန်းချုပ်ထားတဲ့ စနဲမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပေမယ့် အဝတောင်နဲ့ ဒွေးချ စတဲ့နေရာတွေမှာ အကျအဆုံး ရှိနေတယ်လို့ သိရပါတယ်။
စနဲမြို့ပေါ်ကို ရေကြောင်း၊ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး နိုဝင်ဘာလ ၁၄ ရက်က စနဲမြို့၊ တောင်ငူစုရပ်ကွက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ့နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော်က ပြောပါတယ်။
ဓညဝတီရေတပ်ဌာနချုပ်ကနေ မင်းပြင်နဲ့ သိုင်းချောင်းဘက်ကို အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်တာကြောင့် စစ်တောလမ်းဆုံအနီးတစ်ဝိုက်မှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး AA ဘက်က ကာကင်းစခန်းအချို့ကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့ပေါ်နဲ့ ၇ မိုင်ကျော်အကွာက အမှတ် (၃၂) ရဲတပ်ရင်းအနီး၊ မင်းတက်တောင်ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီဘက်က အကျအဆုံးများပြီး လေကြောင်းက ကင်းထောက်တာ၊ တိုက်ခိုက်တာတွေကိုလည်း ပိုလုပ်လာတယ်လို့ သိရပါတယ်။