အာရက္ခတိုင်းမ်စ် (၂၂ နိုဝင်ဘာ ၂၀၂၆)
နိုဝင်ဘာလ ၂၀ နဲ့ ၂၂ ရက်မှာ ဝီရဌာနီမြို့နယ်၊ သဝင်ချောင်း၊ ဓားကိုင်နဲ့ နန်းတက်ကျွန်းကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ သတင်းနှင့်ပြန်ကြားရေးက နိုဝင်ဘာလ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်မှာ ဝီရဌာနီမြို့နယ်၊ နန်းတက်ကျွန်းကျေးရွာကို ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး အပါအဝင် စုစုပေါင်း ၉ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ လူနေအိမ် ၃ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂၀ ရက် ညသန်းခေါင် ၁၂ နာရီခန့်မှာလည်း ဝီရဌာနီမြို့နယ်၊ သဝင်ချောင်းကျေးရွာနဲ့ ဓားကိုင်ကျေးရွာတွေကို ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ရှေ့ဆင့် နောက်ဆင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သဝင်ချောင်းကျေးရွာက အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရပြီး လူနေအိမ် ၁၅ လုံး ပျက်စီးခဲ့ပါတယ်။
ဓားကိုင်ကျေးရွာက ပြည်သူတွေ ပိုင်ဆိုင်တဲ့ နွား ၂ ကောင် သေဆုံးပြီး ၂ ကောင် ဒဏ်ရာ ရခဲ့ပါတယ်။
နိုဝင်ဘာလ ၂၀ ရက်မှာ မြောက်ဦးမြို့နယ်၊ ရမ်းချောင်း အနီးတဝိုက် ကျေးရွာတွေကိုလည်း ဂျက်တိုက်လေယာဉ် ၅ စီးနဲ့ Y12 ၁ စီး သုံးပြီး နံနက် ၁၀ နာရီ ၃၅ မိနစ်ကနေ ၁၁ နာရီ ၂၉ မိနစ်ခန့်အထိ တစ်နာရီနီးပါးကြာ ဗုံးအလုံးရေ ၃၀ ခန့် ကြဲချ တိုက်ခိုက်ခဲ့လို့ တောင်ယာ လုပ်ကိုင်နေကြတဲ့ ပြည်သူတွေရဲ့ တောင်ယာတဲအချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။