ပြင်းထန်ဝမ်းရောဂါကာကွယ်ဆေး ULA က အိမ်တိုင်ရာရောက် တိုက်ကျွေးမယ်

အာရက္ခတိုင်းမ်စ် (၂၄ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဝီရဌာနီ၊ အမ်းနဲ့ ပလက်ဝ စတဲ့ မြို့နယ် ၇ ခုမှာ ၂၀၂၆ နှစ်ကုန်ခါနီး ပြင်းထန်ဝမ်းရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) ကို အိမ်တိုင်ရာရောက် တိုက်ကျွေးသွားဖို့ လျာထားတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။

၂၀၂၄ ကနေ ၂၀၂၆ ကာလအတွင်း ရက္ခိုင်ပြည်က မြို့နယ်အချို့မှာ ပြင်းထန်ဝမ်းရောဂါ (Cholera) ဖြစ်ပွားမှုကြောင့် အသက်သေဆုံးမှုအချို့ ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ဘေးဒဏ်နဲ့အတူ နေရပ်ရွှေ့ပြောင်းနေထိုင်သူတွေ များပြားတာ၊ သောက်သုံးရေသန့်ရှားပါးတာနဲ့ ယင်လုံအိမ်သာ သုံးစွဲမှုနည်းပါးတာတို့ကြောင့် ရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ကာကွယ်ဆေးတိုက်ကျွေးမယ့်အစီအစဉ်မှာ ရောဂါဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ဒေသတွေမှာ နေထိုင်တဲ့ အသက် ၁ နှစ်အထက် ကလေးငယ်တွေနဲ့ လူကြီးတွေအားလုံး အကျုံးဝင်ပါမယ်။

အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေ၊ လူနေထူထပ်ပြီး သန့်ရှင်းရေးအားနည်းတဲ့နေရာတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ စာသင်ကျောင်းတွေက ပြည်သူတွေကို ဦးစားပေးပါဝင်စေမယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

ကျန်းမာရေးဌာနက မသန့်ရှင်းတဲ့အစားအစာနဲ့ ရေကတစ်ဆင့် ကူးစက်တတ်တဲ့ ပြင်းထန်ဝမ်းရောဂါဟာ ပြင်းထန်စွာဝမ်းလျှောတာ၊ အော့အန်တာနဲ့ ခြေထောက်ကြွက်တက်တာတွေ ဖြစ်ပေါ်စေပြီး အချိန်မီမကုသနိုင်ရင် ရေဓာတ်ခမ်းခြောက်ပြီး အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။

ကျန်းမာရေးဌာနက ပြည်သူတွေအနေနဲ့ အသက် ၁ နှစ်အထက်ကလေးနဲ့ လူကြီးမရွေး ကာကွယ်ဆေးကို သောက်သုံးဖို့၊ ရေသန့်၊ အစာသန့်၊ လက်သန့်၊ အိမ်သာသန့် စတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးတွေကိုလည်း ဆက်လက်လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

Related posts

ICJ စီရင်ချက်က မူရင်းဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ထိခိုက်စေတယ်လို့ RNP ပါတီ ထုတ်ပြန်

ပုဏ္ဏားကျွန်းက ရွာနှစ်ရွာကို လေကြောင်းက ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံး

နတ်ရေကန်ကို စစ်ကူရန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို AA တိုက်ခိုက်လို့ ဆယ်ချီသေဆုံးကာ ပြန်ဆုတ်သွား