နွားချေးကို စနစ်တကျ သိုလှောင်နည်း

၁။ နွားချေးစုဆောင်းရန်အတွက် အကျယ် (၁၁) ပေ ပတ်လည် ရှိသည့် ရေမဝပ်သည့် မြေနေရာတစ်ခု ရွေးချယ်ပါ။

၂။ ရွေးချယ်ထားသည့် မြေနေရာကို ရေမဝပ်စေရန် (၆) လက်မ အနက်၊ (၆) လက်မ အကျယ် ရေထုတ်မြောင်း ပတ်ပတ်လည် တူးပါ။

၃။ အပူပိုင်းဒေသတွင် အငွေပျံမှုနည်းစေရန်နှင့် အစိုဓာတ် ထိန်းထားနိုင်ရန် ၂-၃ ပေခန့် ကျင်းတူး၍ ထားနိုင်သည်။

၄။ နွားချေးထားမည့်နေရာအား နေဒဏ်မိုးဒဏ်မှ ကာကွယ်ရန်အတွက် အမိုးအကာပြုလုပ်ပေးသင့်ပါသည်။ မိုးနည်းသော ဒေသဖြစ်ပါက သစ်ပင်အရိပ်အောက်တွင် ပြုလုပ်နိုင်ပါသည်။

၅။ နွားကျင်ငယ်ရည်သည် နွားမစင်ထက် နိုင်ထရိုဂျင်ဓာတ် ပါဝင်မှု အားကောင်းသည့်အတွက် နွားကျင်ငယ်ရည်ပါ စုဆောင်းရန် စဉ်းစားသင့်သည်။

၆။ ထို့ကြောင့် နွားတင်းကုတ် မြေပေါ်တွင် သစ်ရွက်ခြောက်၊ ကောက်ရိုး၊ ရိုးပြတ်၊ မြက်ခြောက် စသည်တို့ကို ဖြန့်ခင်းပြီး နွားများကို ထိုအခင်းပေါ်တွင် မစင်၊ ကျင်ငယ် စွန့်အောင် ပြုလုပ်နိုင်ပါက နွားမစင်သာ မက နွားကျင်ငယ်ရည် ပါ ရရှိမည်ဖြစ်ပါသည်။

၇။ နွားတင်ကုတ် ရှင်းလင်းသည့်အခါ နွားမစင်၊ ကျင်ငယ်ရည် ရောနေသော အမှိုက်များကို စုဆောင်းပြီး နွားချေးစုဆောင်းမည့် နေရာတွင် ဖြန့်ပုံသင့်ပါသည်။

၈။ အပင်မြေသြဇာ အာဟာရတန်ဖိုး ပိုမိုမြင့်မားစေရန်အတွက် ယင်းအပုံပေါ်တွင် ထုံးမှုန့်၊ မီးဖိုပြာ၊ စပါးခွံပြာ နှင့် မီးဖိုချောင်ထွက် ဆွေးမြေ့သော စွန့်ပစ်ပစ္စည်းများ ဖြန့်ပုံနိုင်ပါသည်။

၉။ ကျောက်မှုန့်၊ လချေးမှုန့် စသည်တို့ကိုပါ အလိုရှိပါက ပါးပါး ဖြူးထည့်နိုင်ပါသည်။ အကျိုးပြု အဏုဇီဝရည် (EM – Effective microbe) ကိုလည်း ဖြန်းပေးနိုင်ပါသည်။

၁၀။ ဤနည်းဖြင့် တစ်ထပ်ပြီး တစ်ထပ် နွားချေးကို နှစ်ပတ်လည် စုဆောင်းသွားနိုင်ပါသည်။

၁၁။ နွားချေးပုံ ထုထည်ကြီးမားလာပါက အပုံပြိုမကျစေရန် ဘေးပတ်ပတ်လည်တွင် အကာအရံများ ပြုလုပ်ပေးသင့်ပါသည်။

၁၂။ အစိုဓာတ်နှင့် အာဟာရများ အငွေ့ပျံ ပျောက်ဆုံးမှု နည်းပါးလာစေရန် နွားချေးပုံပေါ်တွင် ထန်းရွက်ခြောက်များ၊ ဝါးကပ်များ သို့မဟုတ် အမိုးအကာ တစ်ခုခုဖြင့် ဖုံးအုပ်ထားပေးပါက ပိုကောင်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ

🍁အာနိသင်သုံးစွဲနည်း

· စနစ်တကျ သိုလှောင်ထားသော နွားချေးများကို အသုံးမပြုမီ အထက်အောက် သမအောင် ရောမွှေပေးပါ။

· မိမိစိုက်ပျိုးမည့် သီးနှံအလိုက် စိုက်ခင်း မြေပြင်ချိန်တွင် ထည့်သွင်း သုံးစွဲနိုင်ပါသည်။

· စိုက်ခင်းထဲသို့ မြေမပြင်မီ နွားချေးများကို ကြိုတင် ချထားခြင်းများ မပြုလုပ်သင့်ပါ။ နေအပူချိန်ကြောင့် အာဟာရဓာတ်များ အငွေ့ပျံ ပျောက်ဆုံးသွားနိုင်သကဲ့သို့ နေရောင်ခြည်ကြောင့် နွားချေးတွင် ပါဝင်သော အကျိုးပြု အဏုဇီဝပိုးများ သေဆုံးနိုင်ပါသည်။ ထို့ကြောင့် နွားချေးထည့်ပြီးပြီးချင်း ထယ်ထိုးမြုပ်နှံ သင့်ပါသည်။

· နွားချေးကို ဓာတ်မြေသြဇာများနှင့်လည်း ရောနှောထည့်သွင်းပါက ဓာတ်မြေသြဇာများကို အပင်မှ ကြာရှည်စွာ စားသုံးနိုင်အောင် ထိန်းသိမ်းထားနိုင်ပါသည်။ သို့သော် မကြဲပတ်မီ အနည်းဆုံး တစ်ညခန့် သင့်လျော်သော အစိုဓာတ် (လက်ဖြင့် ဆုပ်ကြည့်ပါက အလုံးမပျက်သော အနေအထား) တွင် နွားချေးနှင့် ဓာတ်မြေသြဇာကို ရောနှော ဖုံးအုပ်၍ နှပ်ထားသင့်ပါသည်။

· ပေါင်း ပေါက်ရောက်မှုနည်းစေရန် ကောင်းစွာဆွေးမြေ့သော နွားချေးများကိုသာ စိုက်ခင်းတွင် ထည့်သွင်း သုံးစွဲသင့်ပါသည်။

🍁 အကျိုးသက်ရောက်မှု

စနစ်တကျ သိုလှောင်ထားသော နွားချေးမြေသြဇာတွင် အောက်ပါ အာဟာရ ဓာတ်ပစ္စည်းများနှင့် ပမာဏများ ပါဝင်ပါသည်။

🍁အပင်အာဟာရ ပါဝင်မှု ရာခိုင်နှုန်း

နိုင်ထရိုဂျင် – ၁.၄ %
ဖော့စပရပ် – ၂.၁%
ပိုတက်စီယမ်- ၁.၃%
ကယ်လ်စီယမ် – ၂.၆%
မဂ္ဂနီစီယမ် – ၀.၂%
ဆာလဖာ – ၁.၆%
သြဂဲနစ် ကာဘွန် – ၁၉.၇%

🍁သြဂဲနစ်ကာဘွန်၏ အကျိုးကျေးဇူးများ

· စေးသောမြေကို ဖွယ်လာစေခြင်း
· သဲဆန်သောမြေကို စေးလာစေခြင်း
· အစိုဓာတ် ထိန်းသိမ်းမှု ကောင်းခြင်း
· လေဝင်လေထွက် ကောင်းခြင်း
· အပူအအေး မျှတစေခြင်း
· အာဟာရဓာတ်များကို ကာလကြာရှည်စွာ တဖြည်းဖြည်း ထုတ်လွတ်ပေးနိုင်ခြင်း တို့ဖြစ်သည်။

ကိုးကား – Green Way စိုက်ပျိုးရေး သင်တန်းစာအုပ်

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”

Related posts

စက်တင်ဘာ ၁၁ ဖြစ်ရပ်နောက်ပိုင်း ပြောင်းလဲလာတဲ့ အကြမ်းဖက်ဝါဒရဲ့ မျက်နှာစာအသစ်

အာရက္ခနိုင်ငံတော် ထူထောင်ခြင်း

ရက္ခိုင်သည် အာရီယန်မဟုတ်