အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်အတွင်း အင်္ဂလိပ်စာသင်ကြားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်တွေ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခအမျိုးသားပညာရေးဌာနလက်အောက်က အာရက္ခအမျိုးသားတက္ကသိုလ်က အင်္ဂလိပ်စာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာသင်တန်း (ဒုတိယအသုတ်) အတွက် ဝင်ခွင့်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် လူဦးရေကန့်သတ်ချက်နဲ့ လက်ခံသင်ကြားပေးမယ့် ဒီသင်တန်းကို အသက် ၄၀ နှစ်အောက် ရက္ခိုင်ပြည်တွင်းနေထိုင်သူတွေထဲက BA (English)၊ BA (EFL)၊ BA (EPP)၊ B.Ed (English) (သို့) အင်္ဂလိပ်ဘာသာနဲ့ သင်ကြားတဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုခုက ဘွဲ့ရရှိထားသူတွေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၀ နှစ်အောက် ဘွဲ့ရဝန်ထမ်းတွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
လျှောက်ထားသူတွေဟာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အနည်းဆုံး CEFR B1 (Intermediate) အဆင့်ရှိရမယ်၊ ဝင်ခွင့်အတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲ မေးခွန်းနှစ်စုံနဲ့ လူတွေ့စစ်ဆေးမေးမြန်းမှုတွေကို ဖြေဆိုအောင်မြင်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပညာသင်နှစ် ၁ နှစ်ကြာမယ့် ဒီဘွဲ့လွန်ဒီပလိုမာသင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူတွေအနေနဲ့ သင်တန်းပြီးဆုံးရင် အာရက္ခအမျိုးသားပညာရေးဌာနမှာ အနည်းဆုံး ၅ နှစ် တာဝန် ပြန်လည်ထမ်းဆောင်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။
သင်တန်းတက်ရောက်လိုသူတွေက သင်တန်းရေးရာဌာနနဲ့ ပညာရေးမှူးရုံးတွေမှာ လျှောက်လွှာရယူပြီး ဒီဇင်ဘာလ ၁၁ ရက် နောက်ဆုံးထား လျှောက်ထားရမယ်၊ ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဒီဇင်ဘာလ ၂၀ ရက်နဲ့ လူတွေ့စစ်ဆေးမှုကို ဒီဇင်ဘာလ ၂၁ ရက်မှာ အဆင့်မြင့်ပညာရုံးမှာ ကျင်းပမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ULA က အာရက္ခအမျိုးသားတက္ကသိုလ်ကို ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် ဖွဲ့စည်းမယ်လို့ ၂၀၂၆ ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး လွတ်မြောက်ရေးနယ်မြေတွေက ပညာသင်ကြားရေး ပြန်လည်စတင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။