မုတ်သုံမောင်
လူ့အဖွဲ့အစည်းအတွင်း လူသားတွေရဲ့ မှားယွင်းတဲ့ အယူအဆတွေဟာ အခိုင်အမာ အမြစ်တွယ် နေရာယူထားတုန်းပဲဆိုတာ လက်ရှိ အာရက္ခဒေသတွင်း ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေ၊ သက်ငယ်မုဒိန်းမှုတွေ၊ အာဏာအလွဲသုံးစား လုပ်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုတွေက သက်သေခံလျက်ပါပဲ။ ဒီဆောင်းပါးမှာ အမျိုးသမီးဆိုင်ရာ အခွင့်အရေးကိုပဲ ဖော်ပြသွားမှာပါ။
* ဣတ္ထိယတို့ရဲ့ အခွင့်အရေး ပျောက်ဆုံးခြင်း
၁၉၆၂ ခုနှစ် မတ် ၂ရက်နေ့တွင် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းကာ တပ်မတော်က နိုင်ငံတော်အာဏာကို လွဲပြောင်း တာဝန်ယူလိုက်သည်။ ထိုအချိန်မှစတင်၍ နိုင်ငံအတွင်း မငြိမ်မသက်မှုများ၊ လက်နက်ကိုင် အင်အားစုများ ပေါ်လာသလို စစ်အစိုးရရဲ့ စစ်ကြောင်းကလည်း လူထုအုံ့ကြွမှုကို တစ်ရွာဝင်တစ်ရွာထွက် ဖိနှိပ်ညှဥ်းဆဲ၊ လူသတ်၊ မုဒိန်ကျင့် စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက် ပြုလုပ်လာသည်မှာ ယနေ့တိုင် အထင်အရှား ကျန်ရှိနေဆဲ ဖြစ်တယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း ယနေ့ထိတိုင် မုဒိန်းမှုများ နေ့စဥ်နှင့်အမျှ ဖြစ်ပွားနေတုန်းပါပဲ။ အမျိုးသမီးတွေရဲ့ ဘဝဟာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးမှာ တန်းတူညီမျှမှု မရရှိခဲ့ကြဘူး။ နေရာတိုင်းမှာ ဒုတိယလူအဆင့်သာ ရှိခဲ့ကြတယ်။ ရှေးခေတ်ဘုရင်တွေ လက်ထက်တုန်းကဆိုရင် အမျိုးသမီးတွေရဲ့ ဘဝဟာ တိုင်းပြည်တစ်ပြည်နှင့်တစ်ပြည် ချစ်ကြည်ရေးအတွက် လက်ဆောင်ပဏ္ဏာဆက်ဖို့နဲ့ အိမ်ထောင်သားမွေးမှု အဆင့်လောက်သာ အရေးပါ အရာသွင်းခဲ့ကြတယ်။ ၂၁ ရာစုထဲက လူသားတွေဟာ ဒီအစဥ်အလာဟောင်း ပေတံကြီးကို ရိုက်ချိုးပစ်ရမှာပါပဲ။
အနောက်နိုင်ငံတွေမှာလည်း ဣတ္ထိယလိင်ရဲ့ အခန်းကဏ္ဍဟာ လူထုဘဝတွေထဲမှာ ပါဝင်နိုင်ခွင့် မရှိခဲ့ကြပါဘူး။ ၁၉ ရာစု အကုန်လောက်မှာ ပြင်သစ်မှာဆိုရင် လူမြင်ကွင်းထဲသွားရင် သူတို့ရဲ့ခေါင်းကို ဖုံးအုပ်သွားရတဲ့အထိပဲ။ ထို့အတူ ဂျာမဏီမှာဆိုလည်း ယောကျ်ားတွေက သူတို့မိန်းမတွေကို ရောင်းစားပိုင်ခွင့်တောင် အခွင့်အရေး ရှိကြတယ်။ တရုတ်တွေမှာလည်း သားသမီးမွေးလျှင် သားယောကျ်ားကသာ မိသားစုအမွေ ဆက်ခံခွင့်ရှိတာဟာ ဂျန်ဒါခွဲခြားမှုတစ်ခုပဲ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက်ဟာ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေခံသက်သက်ပဲလို့ပဲ မှတ်ယူခဲ့ကြတယ်။ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းခေါ်ယူရာမှာလည်း ယောကျ်ားများနှင့် မိန်းကလေးများ ပညာအရည်အချင်း၊ တက္ကသိုလ်ဝင်တန်းရမှတ်များ အမြဲ ကွာဟမှု ရှိခဲ့တယ်။ ( ဥပမာ–ပညာရေးကောလိပ်လျှောက်ရင် ယောကျ်ားလေးက ၄၀၀ ဆိုရင် မိန်းကလေးက ၄၂၀၊ ဒါမှ လျှောက်ခွင့်ရှိတယ်) ကျနော် ရောက်ခဲ့တဲ့ ပြည်နယ်တစ်ခုမှာဆို ရေလည်မှာတည်ထားတဲ့ ဘုရားကို မိန်းကလေးတွေ တက်ခွင့် မရှိဘူး။ မိန်းကလေးတွေတက်ရင် ဘုရားဟာ ရေထဲ နစ်မြုပ်သွားတယ်ဆိုပဲ။ အာရက္ခဒေသတွင်းမှာလည်း ယောကျ်ားဆိုတာ မိန်းမတွေထက် ပိုမြင့်မြတ်သူတွေလို့ပဲ တချို့ အစဥ်အလာစွဲ အမြင်စံနှုန်းဟောင်းတွေက ယနေ့တိုင် တည်ရှိနေဆဲ။
* အာရက္ခပြည်က အမျိုးသမီးတို့ရဲ့ အခန်းကဏ္ဍ
အမျိုးသမီးတွေဟာ ယောကျ်ားတွေရဲ့ အဖျော်ဖြေခံ ကစားစရာပစ္စည်း မဟုတ်ဘူးဆိုတာ အမျိုးသမီးတွေအနေနဲ့ အစဥ်အလာဟောင်းကို ချန်ထားခဲ့သင့်သည်မှာ ကြာခဲ့ပြီ။ ဒီနေရာမှာ ဆီမွန်ဒီဗူးဗွားရဲ့စကားကို ဖော်ပြချင်တယ်။ ” လူ့အဖွဲ့အစည်းမှာ မိန်းမသည် ဦးနှောက်ဖြင့် တွေးတော စဥ်းစားခြင်းမပြုဘဲ သားအိမ်ဖြင့် တွေးတော စဥ်းစားခြင်းပြုသည်ဟု ယူဆနေသူတွေ တစ်ပုံတစ်ပင် ရှိနေဆဲဖြစ်သည်” အာရက္ခပြည်တွင်လည်း အဓမ္မပြုကျင့်ခံ မိန်းကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်မှု၊ လူ့အဖွဲ့အစည်းရဲ့ ဘေးဖယ်ထုတ်ခံရမှု၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ သိမ်ငယ် စိတ်ပျက် အားငယ်မှုတို့ဟာ အဆိုပါဖြစ်ရပ်တွေနဲ့အတူ ဒွန်တွဲပါလာတဲ့ ရလဒ်တွေပဲ။ ရက္ခိုင်လူမျိုး မိဘများဟာ သမီးမိန်းကလေးတွေရဲ့ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်၊ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်တို့ကို ထည့်သွင်းစဥ်းစားပေးမှု အားနည်းခဲ့ကြတယ်။ သမီးမိန်းကလေးတွေကို အိမ်ထောင်ပြုပေးဖို့ လာရောက်တောင်းရမ်းလျှင် ရွှေ ၅ ကျပ်သား၊ ၁၀ ကျပ်သား စတဲ့ ငွေကြေးအခြေခံမှုအပေါ် မူတည်၍ စဥ်းစားကြသည်မှာ မှားယွင်းသော အယူဝါဒတစ်ရပ်ပဲ ဖြစ်တယ်။ သမီးမိန်းကလေးရဲ့ အလိုဆန္ဒ၊ သူမရဲ့လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်တို့ကို မငဲ့ညာဘဲ ဘဝကောင်းစားရေးဟူသော ခေါင်းစဥ်လှလှသုံးကာ ငွေဝယ်ကျွန်စနစ်ကို ကျင့်သုံးတော့တာပါပဲ။ အဲဒီကစပြီး အလိုမတူသော လက်ထပ်ထိမ်းမြားမှုက ပေါက်ဖွားလာတဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှု၊ ခွဲခြားနှိမ့်ချ ဆက်ဆံခံရမှုတို့အောက်တွင် အမျိုးသမီးတစ်ယောက်ရဲ့ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးတွေ ဆုံးရှုံးတော့တာပါပဲ။ ထမင်းချက်၊ အဝတ်လျှော်၊ ကလေးမွေး၊ အိမ်တွင်းဝေယျာဝစ္စများနဲ့ လုံးချာလည်ပြီး အပြင်လောကနဲ့ အဆက်အသွယ် ပြတ်သွားသလောက် ဖြစ်သွားတယ်။ နိစ္စဓူဝ အိမ်မှုကိစ္စထဲမှာ ဘဝရဲ့ အဖိုးတန်တဲ့ အချိန်တွေကို ဒီအတိုင်း ထိုးကျွေးပေးလိုက်ရတာဟာ လူသားတစ်ယောက်ရဲ့ လူသားဖြစ်မှု လျော့ကျခြင်းတမျိုး ဖြစ်တယ်။
* လိင်ပိုင်းဆိုင်ရာ ကျူးကျော်စော်ကားမှု
အာရက္ခပြည်အတွင်းမှာ မုဒိန်းကျင့် သတ်ဖြတ်မှုတွေဟာ မကြာခဏဆို တွေ့နေရတယ်။ သက်ငယ်မုဒိန်းမှုမှာ အလွန်လူမဆန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး ကလေးသူငယ်တွေရဲ့ လူလားမြောက်မှုဟာ အဆိုပါ ဖြစ်ရပ်ဆိုးကြောင့် စိတ်ဒဏ်ရာများနဲ့ ပတ်ဝန်းကျင်ရဲ့ လူရာသွင်း မခံရမှုတွေထဲ ကြီးပြင်းလာကြရတယ်။မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်း၊ ယောကျ်ားတွေကို ကြောက်စရာ လူသားအဖြစ် ထင်မှတ်ယူလာခြင်း၊ ဘဝနေပျော်မှု မရှိအောင် ကြိတ်ခံစားနေရခြင်းတို့ကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင် သတ်သေခြင်းတို့ဟာ အာရက္ခပြည်တွင်း ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ ယနေ့ထိ အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုလို ဖြစ်နေဆဲ။ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သူတွေကို ဥပဒေကြောင်းအရ ဘယ်လို ထိထိရောက်ရောက် အရေးယူမလဲဆိုတာ တကယ် လိုအပ်နေတဲ့ အချိန်လည်းဖြစ်တယ်။ ဒါဟာ သမီးမိန်းကလေးတွေနှင့် မိဘတွေရဲ့ ခြောက်လှန့်နေတဲ့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်တယ်။
မုဒိန်းပြုကျင့်ခံရမှု ဖြစ်စဥ်တွေကို ကြည့်မယ်ဆိုရင် ကျေးလက်တောရွာတွေမှာ အများဆုံး ဖြစ်မှာပဲ။ ဆင်းဆင်းရဲရဲ မိသားစုက မိန်းကလေးတွေဟာ ဘဝဝမ်းရေး အဆင်ပြေဖို့ ထင်းခွေ၊ ဟင်းရှာ လယ်တောသွားတဲ့သူတွေကို လူသွားလူလာနည်းတဲ့ နေရာမျိုးမှာ မုဒိန်းကောင်တွေဟာ အလစ်အငိုက်ဖမ်းပြီး အဓမ္မပြုကျင့်တဲ့ သတင်းတွေကို လူမှုကွန်ရက်များတွင် တွေ့နေရတယ်။ လူ့အဖွဲ့အစည်းကလည်း ကောက်ရိုးမီးလို သွေးဆူတုန်းခဏ တောပြော တောင်ပြော ပြောပြီး ခဏနေ ပျောက်သွားကြတာပဲ။ သိပ်မကြာလိုက်ဘူး၊ နောက်ထပ် ဆက်ဖြစ်ပြန်ကော။ ဒါကို အုပ်ချုပ်သူ အစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ်မလဲဆိုတာလည်း ပြည်သူလူထုက စိတ်ဝင်တစား ရှိနေကြတယ်။ အလားတူ ပြဿနာမျိုး မပေါ်ပေါက်အောင် တစ်ဦးတစ်ယောက်လောက် နမူနာပြသင့်တယ်လို့ ပြောဆိုသံတွေ မြင့်တက်လာနေတယ်။
အမျိုးသမီးသမီးတွေရဲ့ အသက်အိုးအိမ် စည်းစိမ်၊ လုံခြုံဘေးကင်းမှု၊ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်နဲ့ တရားမျှတမှုတို့ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာထဲမှာ အကျုံးဝင်ပါလျက် ရှိတယ်။ နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာဟာ နိုင်ငံသားအရေးကို တန်ဖိုးထားခြင်းလည်း ဖြစ်တယ်။ ဘယ်တိုင်းပြည်၊ ဘယ်ကမ္ဘာမှာမဆို မိန်းမတွေဟာ ဆုံးရှုံးခြင်းတစ်ခုနှင့် မွေးဖွားလာရတယ်လို့ အသင်ကြား ခံခဲ့ကြရတယ်။ နှောင့်ယှက်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အကြမ်းဖက်နှိပ်စက်ခံရခြင်း၊ ထိုသို့ ရှုံးနိမ့်သော သားကောင်ဘဝနှင့် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီလဲ။ လွတ်လပ်ပွင့်လင်းမှု မရှိတဲ့ အယူအဆဟောင်းတွေကို ဖောက်ထွက်တော်လှန်ခဲ့ရန် မေ့မျောနေခဲ့ကြလေသလား မပြောတတ်။ အမျိုးသမီးများကို နှိပ်စက်ညှဥ်းပန်းမှ တော်ကာကျသည်ဟု ထင်နေသော ယောကျ်ားများကို တော်လှန်ပုန်ကန်ရမယ်ဆိုတာ ခေတ်လူငယ်များ သဘောပေါက်လာကြပြီ။ အဓမ္မပြုမူ နှောင့်ယှက်ခြင်းတို့ကို တွန်းလှန်ရဲသောသတ္တိများလည်း ရှိလာကြတယ်။
လူ့လောက၊ လူ့သမိုင်းကို ပုံဖော်ကြရာတွင် အမျိုးသားများချည်း မဟုတ်သလို အမျိုးသမီးများလည်း ပါဝင်လာပါတယ်။ လှောင်ပိတ်ခံ၊ အဖိနှိပ်ခံ ဘဝထဲအမျိုးသမီးများအားလုံးဟာ ထိလွယ် ရှလွယ်သော ဂန္ထဝင် မှန်မျက်နှာကြက်ကို အစိတ်စိတ် အမြွှာမြွှာ ဖောက်ခွဲပြီး ခြေလှမ်းအသစ်ကို လှမ်းနိုင်ကြဖို့ မျှော်လင့်ရင်း မိမိကိုယ်ကိုယ် အကောင်းဆုံး တည်ဆောက်ရန် အချိန်ကျရောက်နေပြီဆိုတာ သတိမူကြဖို့ လိုအပ်ပါတော့တယ်။
1 Comment
Отличный выбор: https://kassetaua.com/ – швидке завантаження та безліч корисного. [mf]