အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၄)
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကနေ ပြည်ပထွက်ခွာအလုပ်လုပ်ကြတဲ့ လုပ်သားတွေထဲမှာ စစ်မှုထမ်းဆောင်ရမယ့် စာရင်းထဲမှာပါနေရင် အေဂျင်စီတွေက ပြန်ခေါ်ပေးရမယ်လို့ စစ်ကောင်စီက ဖိအားပေးနေကြောင်းကို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံကနေ သိရပါတယ်။
အခုလက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ ပြည်ပထွက်မယ့် လုပ်သားတွေ စာချုပ်ချုပ်ဆိုကြတဲ့ အခါမှာ စစ်မှုထမ်းဆောင်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး အချက်အသစ်အနေနဲ့ ထပ်မံဖြည့်စွက်ပါရှိဦးမှာ ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အခုဟာက စာချုပ်အသစ်က ထပ်ချုပ်ရမယ့် စာချုပ်အသစ်မှာ အဲဒီဟာ ပါနေတယ်။ အဲဒီဟာပါနေတော့ လူတွေအားလုံး စိတ်မချမ်းမြေ့ကြဘူး။ အဓိကက သူ့မိဘတွေ ဆွေမျိုးအရင်းတွေတောင်မှ ခေါ်လို့ ရချင်မှ ရမယ့် ကိစ္စကို အေဂျင်စီကို ခေါ်ခိုင်းတယ်ဆိုတော့ အဆင်မပြေမှုတွေ ဖြစ်နေတယ်။ အေဂျင်စီတွေအားလုံး မပျော်ကြဘူးပေါ့။ ငွေရေးကြေးရေး ကိစ္စနဲ့ ပတ်သက်တော့ အိတ်စိုက်လည်း စိုက်ကြ၊ ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးတော့ ထမင်းစားလက်မှတ်လေးတစ်ခုအတွက်။ အဲဒီလို ဒီဟာကြီးပါလာတဲ့အခါကြတော့ အေဂျင်စီတွေအတွက် တော်တော်ခေါင်းခဲစရာကိစ္စဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
အရင်က စာချုပ်ထဲမှာ ဝင်ငွေခွန်နဲ့ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီးတော့ပဲ အေဂျင်စီနဲ့ လုပ်သားတွေအကြား စာချုပ်မှာ ပါဝင်တာဖြစ်ပါတယ်။
အခုအခါမှာတော့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဘက်ကနေ စစ်မှုထမ်းဆောင်ရမယ့် အချက်ကို ထပ်တိုး ဖြည့်စွက်ဖို့ လုပ်ဆောင်နေတာပါ။
အခုလိုမျိုး လုပ်ဆောင်တာဟာ မလျော်ကန်တဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်လို့ ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒီဥပဒေ စပြီးထွက်လာကတည်းက မလျော်ကန်တဲ့ ဥပဒေဆိုတာ ကျနော်တို့ သုံးသပ်မိပါတယ်။ ပြည်သူတွေ စားဝတ်နေရေး အကြပ်အတည်း အခက်အခဲတွေ မြောက်မြားစွာဖြစ်နေတဲ့အချိန်မှာ ပြည်ပမှာ စီးပွားရေးကို ကောင်းမွန်စွာ သွားရောက်ရှာဖွေနေတဲ့ အလုပ်သမားတွေကို စာချုပ်ထဲမှာ အဲဒီလို အချက်အလက်တွေပါ ထည့်ပြီးတော့မှ သတ်မှတ်တဲ့အချိန် သူတို့အလှည့်ကျရင် ပြန်လာရမယ်ဆိုတာက မလျော်ကန်ဘူးလို့ပဲ သုံးသပ်ပါတယ်။ နဂိုကတည်းက သူတို့မှာ ချုပ်နှောင်ပြီးသားပါ။ အစ အစောပိုင်းမှာဆို ပြည်ပထွက်ခွာခွင့်တွေတောင် ပိတ်ပင်တာတွေ ထုတ်ပြန်ထားပြီးသားဆိုတော့ ကျနော်တို့လည်း ခန့်မှန်းရခက်တယ်။ ဥပဒေတစ်ရပ်ကို ခိုင်ခိုင်မာမာ တိတိလင်းလင်း ပြတ်ပြတ်သားသား စဉ်းစားဆင်ခြင်ပြီး ထုတ်ပြန်တာမျိုး မဟုတ်ဘဲနဲ့ ထင်ရင်ထင်သလို ခဏခဏထုတ်ပြန်နေတော့” လို့ သူက ပြောပါတယ်။
အသက်ကန့်သတ်ချက်နဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ပြည်ပနိုင်ငံတွေကို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး တရားဝင်လမ်းကြောင်းကနေ သွားရောက်မယ့် လုပ်သားမရှိတော့တဲ့အတွက် ပြည်ပအလုပ်အကိုင် လုပ်ငန်းဟာ ခမ်းခြောက်သွားနိုင်တယ်လို့ အေဂျင်စီတွေက ပြောပါတယ်။
တင်းကြပ်လာတဲ့အချက်တွေဟာ ပြည်ပထွက်ခွာမယ့် လုပ်သားတွေအတွက်ပဲ အခက်ဖြစ်စေတာ မဟုတ်သလို စေလွှတ်လိုက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအတွက်လည်း အခက်တွေ့စေရပြီး လုပ်သားတွေအနေနဲ့ လည်း တရားမဝင်လမ်းကြောင်းကိုပဲ ရွေးချယ်ကြတော့မှာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
3 Comment
Current Updates: מספר טלפון של סוכנות ליווי
сделать тату в спб лучший салон татуировок
тату салон рядом тату салон спб цены