အာရက္ခတိုင်းမ်စ် (၇ ဇန်နဝါရီ ၂၀၂၅)
မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)အတု တွေနဲ့ တရားမဝင် အလုပ်သမားပို့ဆောင်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား လုံခြုံရေးပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၉ ရက်က မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) နဲ့ ထွက်ခွာမယ့် သက်နန္ဒာဝင်းခေါ်ဆောင်လာတဲ့ တောင်တွင်းကြီးမြို့နယ်နေ မနှင်းအိဖြူပါ အမျိုးသမီး ငယ်သုံးဦး အပါအဝင် မြန်မာလူငယ် ၁၁ ဦးထံမှ မြန်မာနိုင်ငံကူးလက်မှတ် အတု ၁၁ အုပ်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
One Asia အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ မန်နေဂျင်းဒရိုက်တာ နွယ်နီလှိုင်မင်း၊ ဒါရိုက်တာ ခင်မောင်ရွှေ(ခေါ်)ဗလတို့က တစ်ဦးလျှင် ဝန်ဆောင်ခငွေကျပ်သိန်း ၈၀ စီ ရယူ၍လည်းကောင်း၊ တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ စီ ရယူ၍လည်းကောင်း ပတ်စ်ပို့အတုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ပို့ဆောင်၍ ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းတွေကနေတဆင့် ပို့ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလုပ်သမားတွေကို မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်ပေးသူတွေဟာ ပန်းဘဲတန်းမြို့နယ်က စန်းဝင်း(ခေါ်)ရဖီး နဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်က သန့်ဇင်ဦးတို့အပါအဝင် ရှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်များအရ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများကို စုဆောင်း၍ အခကြေးငွေ ကျပ်သိန်း ၈၀ ရယူပြီး မြန်မာနိုင်ငံ ကူးလက်မှတ်အတုတွေ ပြုလုပ်ကာ အလုပ်သမားတွေကို ရန်ကုန်မြို့သို့ ခေါ်ယူစုစည်း၍ ရန်ကုန်မြို့မှ ခရီးသည်တင်ယာဉ်နဲ့ မြဝတီမြို့သို့ ပို့ဆောင်ပေးကြောင်း သိရပါတယ်။
ထို့နောက် မြဝတီ-မဲဆောက်မှတဆင့် ဘန်ကောက်သို့ ပို့ဆောင်ပြီး ဘန်ကောက်မှာ ထိုင်းပြည်တွင်းလေကြောင်းလက်မှတ်ဝယ်ယူ၍ ထိုင်းတောင်ပိုင်း နရာသီဝမြို့သို့ လေကြောင်းခရီးနဲ့ ပို့ဆောင်ကာ မလေးရှားနိုင်ငံသို့ တရားမဝင်ကုန်းလမ်းကြောင်းမှ ဝင်ရောက်ဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထို့ကြောင့် မြန်မာနိုင်ငံကူး လက်မှတ်အတုတွေ ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်တာကြောင့် ဥပဒေအရ အရေးယူဆောင်ရွက်ထားပြီး ကျန်တရားခံတွေ ဖမ်းဆီးရ မိရေးအတွက် ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။