မူးယစ်ဆေးဝါးအမှုက နိုင်ငံရေးသိက္ခာချတာလို့ AA တုန့်ပြန်

အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၅)

ရန်ကုန်တိုင်းတွင်ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအမှုတွင် အာရက္ခတပ်တော် ပါဝင်တယ်လို့ စွပ်စွဲချက်အပေါ် လုံးဝပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ AA က မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းတွင် ၉၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးအမှုတွင် AA ရဲ့ စီးပွားရေးတာဝန်ခံ ရဲဝင်း က ရောင်းချရန် စီမံခန့်ခွဲခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါကဲ့သို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် မူးယစ်ဆေးဝါးအမှုတွင် AA ကို မဆီမဆိုင် အတင်းယိုးစွပ်တဲ့ စွပ်စွဲချက်ဟာ ယုတ္တိလုံးဝ မရှိတဲ့အပြင် နိုင်ငံရေးသိက္ခာချသော စွပ်စွဲချက်တစ်ခုသာဖြစ်တယ်လို့ အာရက္ခတပ်တော်က တုန့်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားတဲ့ မူးယစ်ဆေးဝါး ဖမ်းမိတဲ့အမှုတွင် AA အနေနဲ့ မည်သို့မျှ ဆက်စပ်မှု မရှိဘူဆိုတာကို အတိအလင်း ပြတ်သားစွာ ပြောကြားလိုပါတယ်လို့ AA က ထုတ်ပြန်ပါတယ်။

စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အိမ်နီးချင်းနိုင်ငံများနဲ့ နိုင်ငံတကာအလယ်မှာ အရှက်ရနေချိန်တွင် ရှက်ရမ်းရမ်းကာ AA ကို အငြိုးအတေးကြီးစွာနဲ့ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုအဖြစ် ရှုမြင်သုံးသပ်တယ်လို့ AA က ထုတ်ပြန်ပါတယ်။

ထို့အပြင် ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါးကိစ္စရပ်အပြင် ခေတ်သစ်အွန်လိုင်း လောင်းကစား ကျားဖျန့်လုပ်ငန်းများမှာလည်း စစ်ကောင်စီရဲ့ ထိန်းချုပ်နေရာများတွင်သာ တွေ့ရှိရပြီး စစ်ဗိုလ်ချုပ်ကြီးများ ပါဝင်နေတာကို တွေ့ရှိရတယ်လို့ AA က ဆိုပါတယ်။

ယခု မူးယစ်ဆေးဝါးအမှုတွင်လည်း စစ်ကောင်စီရဲ့ စစ်ဗိုလ်ချုပ်ကြီးများ ပါဝင်ပတ်သက်နေပြီး သူတို့လက်ချက်သာ ဖြစ်ပါတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတဝှမ်း စစ်ရေးအရရှုံးနေတဲ့အချိန်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ULA/AA ကို စွပ်စွဲနေခြင်းဟာ နိုင်ငံရေး အောက်လုံးများနဲ့ အချိန်ကိုက် ထိုးနှက်တိုက်ခိုက်ခြင်းသာ ဖြစ်တယ်လို့လည်း AA က ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ခေတ်အဆက်ဆက်ကပင် သူတို့ကို တော်လှန်ပုန်ကန်တဲ့ သူတွေကို ညှိနှိုင်းဆွေးနွေးဖို့မလိုတဲ့ ရန်ဘက်တွေလို့ အမြဲသတ်မှတ်ထားပြီးတော့ ကြီးမားတဲ့ တုန့်ပြန်မှုတွေအနေနဲ့ သတင်းမှား အမျိုးမျိုး ပြုလုပ်ကာ တိုက်ခိုက်မှုပေါင်းစုံ နဲ့ သတင်းမီဒီယာ၊ ရုပ်သံ စတာတွေနဲ့ လုပ်ကြံ ဖန်တီးတိုက်ခိုက်ခဲ့တာဟာလည်း ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီးဖြစ်တယ်လို့လည်း AA က ဆိုပါတယ်။

ဥပမာအနေနဲ့ ပြောရရင်တော့ စစ်ကောင်စီဟာ တိုင်ရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNU၊ KIO၊ MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲပြန်ထန်ပြီး စစ်ရေးအရရှုံးနိမ့်နဲ့ ရင်ဆိုင်လာရချိန်တွင် ဘယ်ကိစ္စတွေကိုမဆို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အပြစ်ပုံချကာ နိုင်ငံရေးအောက်လုံးတွေ နဲ့ ထိုးနှက် သိက္ခာချတာတွေကို စစ်အစိုးရ အဆက်ဆက်ကတည်းကပင် အချိန်ကိုက် လုပ်လေ့လုပ်ထ ရှိနေတဲ့ နိုင်ငံရေးယုတ်မာမှု တစ်ခုဖြစ်တယ်လို့လည်း AA က ဆိုပါတယ်။

Related posts

ဘင်္ဂလား ငါးခိုးဖမ်းသမားများ ရက္ခိုင်ရေပိုင်နက်ထဲထိ ဝင်ရောက် ဒါးမြတိုက်နေ

မီးလောင်မြေသို့ သွားရောက်ခြင်း

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး