စစ်ကောင်စီ မြေမြှုပ်မိုင်းကြောင့် ကျောက်ဖြူ နဲ့ တောင်ကုတ် ဒေသခံ ၂ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၇ ဇွန် ၂၀၂၅)

စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် ရက္ခိုင်ပြည် ကျောက်ဖြူ နဲ့ တောင်ကုတ်မြို့က ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီ မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲလို့ ကျောက်ဖြူမြို့နယ် ဂုံးချွိန်ရွာ စေပုတ်ကေထောင့် နေ အသက် ၆၁ နှစ် အရွယ် ဒေါ်သိန်းမြကြည်ဟာ ခြေတဖြတ်ပြတ် ဒဏ်ရာရရှိခဲ့ပါတယ်။

“ အဒေါ်က သီဟိုခြံကိုသွားတာ။ သွားရတဲ့လမ်းက ကျောက်ဖြူ ခမရ (၅၄၃) တပ်ရင်းနားက သွားရတာ။ အဲဒီမှာ မြေမြှုပ်မိုင်း နင်းမိလို့ ဘယ်ခြေ ဒူးဆစ်အောက်က ပြတ်ထွက်သွားတယ်။ အခုတော့ ဆေးကုသမှု ခံယူနေတယ်” ကျောက်ဖြူမြို့နယ် ဂုံချွိန်ရွာသား ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ဇွန်လ ၂၆ ရက် နေလည်ပိုင်းက စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲလို့ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် အောင်ချမ်းသာ ၁ လမ်းနေ အသက် ၄၅ နှစ် အရွယ် ဦးသိန်းဝင်းဟာ ဒဏ်ရာပြင်းထန် ရရှိခဲ့ပါတယ်။

“ လယ်ဘောင်လုပ်နေတာ။ သူတို့လယ်က တောင်ကုတ် – ပန်းတောင်းလမ်း ဘိုးဘွားရိပ်သာနားမှာ။ တောင်ကုတ် တပ်မနဲ့လည်း နီးတယ်။ ပေါက်တူးပေါက်နေရင်းနဲ့ မြေမြှုပ်မိုင်းကို ပေါက်မိတာကနေ ပေါက်ကွဲတာ။ ဒဏ်ရာတော်တော် ပြင်းထန်တယ်” လို့ တောင်ကုတ်မြို့ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူလက်လွှတ်လိုက်ရတဲ့နယ်မြေတွေမှာ မြေမြှုပ်မိုင်းများစွာ မြှုပ်နှံခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းတွေကို နေ့စဉ်ရက်ဆက် ရှင်းလင်းပေးနေပြီး သံတွဲ နဲ့ ဂွမြို့နယ်မှာ မြေမြှုပ်မိုင်း အလုံးရေ ၂၀၀၀ ကျော်ကို ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။

အလားတူ အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ၊ စစ်ကျန်လက်နက် အန္တရာယ်ပညာပေး ဆွေးနွေးပွဲများ၊ မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်စိုက်ထူခြင်း နဲ့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး