စစ်တွေက ကယ်ဆယ်ရေးစခန်းတွေမှာ သွေးလွန်တုပ်ကွေး အဖြစ်များနေ

အာရက္ခတိုင်းမ်စ် (၉ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ကလေးငယ် အများအပြား သွေးလွန်တုပ်ကွေးဖြစ်ပြီး ဖျားနာနေကြတယ်လို့ သိရပါတယ်။

ဖျားနာတဲ့ ကလေးတွေကို စစ်တွေဆေးရုံကြီးမှာ တက်ရောက်ကုသနေပြီး စစ်တွေဆေးရုံမှာလည်း ကလေးငယ် လူနာတွေနဲ့ ပြည့်နေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

ကယ်ဆယ်ရေးစခန်းတစ်ခုကို ကလေးငယ် ၁ ယောက်ကနေ ၃ ယောက်အထိ ဖျားနာနေကြပြီး အဓိကအားဖြင့် အာဂျိတ်တော်ကုန်းက ကယ်ဆယ်ရေးစခန်းမှာ အဖြစ်များတယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခုဖြစ်နေတာက ကယ်ဆယ်ရေးစခန်း တော်တော်များများမှာ ကလေးတွေ ဖျားကြတယ်။ အသားဝါတယ်၊ သွေးလွန်တုပ်ကွေး ဖြစ်တယ်။ ဘယ်ဘက်တွေမှာ ဖြစ်လဲဆိုတော့ စစ်တွေ အာဂျိတ်တော်ကုန်းနားက ကယ်ဆယ်ရေးစခန်းတွေမှာ ကလေးတွေ ၄ ယောက် ၅ ယောက်ပေါ့။ တစ်စခန်းတည်းလည်း မဟုတ်ဘူးပေါ့။ စခန်းတစ်ခုမှာ ၁ ယောက်၊ ၂ ယောက် အဲဒီလိုပေါ့။ ပြီးလို့ရှိရင် ရပ်ကွက်ထဲက နေထိုင်မကောင်းဖြစ်တဲ့ ကလေးတွေကျတော့ အသားဝါကြောင့် ဆေးရုံတက်ရတယ်ပေါ့ နေထိုင်မကောင်းလို့။ ဘာလို့ နေထိုင်မကောင်းဖြစ်တယ်လို့မေးရင် အသားဝါဖြစ်လို့ အဲဒီလိုပေါ့။ သွေးလွန်တုပ်ကွေးနဲ့ အသားဝါ ၂ ခု ဖြစ်နေကြတာတော့ ရှိတယ်” လို့ ပြောပါတယ်။

စစ်တွေက ကယ်ဆယ်ရေးစခန်းတွေဟာ စစ်ကောင်စီက ရွာလုံးကျွတ် နှင်ထုတ်ထားတဲ့ ရေချမ်းပြင်၊ ရွှေပြည်သာ စတဲ့ ရွာ ၁၂ ရွာက ဒေသခံတွေဖြစ်ပြီး ၁ နှစ်နီးပါး ရှိနေပြီလည်း ဖြစ်ပါတယ်။

စစ်တွေမှာ ကယ်ဆယ်ရေးစခန်း ၁၀ ခုကျော်ရှိပြီး အဓိကအားဖြင့် ဘုန်းကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားတာက ပိုပြီးများတာ ဖြစ်ပါတယ်။

Related posts

အမတ-၃၄၄ ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီကို AA တိုက်ခိုက်၊ စစ်ကောင်စီက Paramotor ၄ စီး အသုံးပြု ဗုံးကြဲနေ

စက်စက်ယိုကျေးရွာမှာ ရက္ခိုင်စစ်ဘေးရှောင် လူငယ်တစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးလျက် တွေ့ရှိ

တရုတ်ပြောတဲ့ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စစ်ကောင်စီ မကြိုက်