AA နဲ့ KNU ကို စကမ အမှုဖွင့် အရေးယူမှု ဘာမှဖြစ်လာမှာ မဟုတ်

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၅)

အာရက္ခတပ်တော် (AA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကို ရွေးကောက်ပွဲကို ပျက်ပြားအောင် နှောင့်ယှက်ဟန့်တားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက် စစ်ကော်မရှင်က အမှုဖွင့်အရေးယူ ထားတာဟာ ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သူတို့ကလည်း တပြည်လုံးအတိုင်းအတာအရ သူတို့အချုပ်အခြာအာဏာပိုင်တယ်ဆိုတာ ပြချင်တာပေါ့။ သက်ဆိုင်တဲ့ဌာနအသီးသီးကလည်း တာဝန်ခံရဲဘော်တွေကလည်း ပြန်ပြောပြီးပြီပဲ။ ဘာမှထူးမှာမဟုတ်ပါဘူး။ ဘာမှလည်း မလုပ်နိုင်ပါဘူးလို့ ပြောထားပြီးပြီပဲ။ အဓိကက စစ်ကောင်စီက ဂိုက်တစ်ခု ထုတ်တာပေါ့။ အချုပ်အခြာအာဏာပိုင်က သူတို့သာဖြစ်တယ်ပေါ့။ အဲဒီလိုပုံမျိုးနဲ့ ပုံဖမ်းပြီးလုပ်တာပါပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး” လို သူက ပြောပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာတော့ ဩဂုတ် ၁၂ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းများဖြင့် လှုံ့ဆော်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ပဒိုစောကွယ်ထူးဝင်း အား ဩဂုတ် ၂၉ ရက်တွင် လှိုင်းဘွဲ့မြို့မရဲစခန်းမှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။

အလားတူ ဩဂုတ် ၃၀ ရက်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်ခဲ့တဲ့ KNU မှ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောဆဲဂေ၊ ပဒိုတာဒိုမူး၊ ပဒိုစောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ စောဂျော်နီ၊ စောတာမလာသော၊ ပဒိုစောလော်အယ်မူး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါးနဲ့ ပဒိုစောတောနီးတို့ ၁၁ ဦးအား စက်တင်ဘာ ၁ ရက်က လှိုင်းဘွဲ့မြို့မရဲစခန်း အမှုဖွင့်လှစ်ထားတာပါ။

ဒ့ါအပြင် KNU က စောဆာပုလဲဒီဝမ်း ကိုလည်း စက်တင်ဘာ ၉ ရက်ကလှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံနယ်မြေ ရဲစခန်းမှာ လည်းကောင်း၊ သြဂုတ်လ ၂၇ ရက်နေ့က ဧရာဝတီတိုင်း လေးမျက်နှာမြိုနယ် ယင်းဆယ်ကျေးရွာ ဘုန်းကြီးကျောင်းမှာ မဲပေးစက် အသိပညာပေး လက်တွေ့စမ်းသပ် မဲပေးခြင်း ဆောင်ရွက်နေစဥ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို စစ်ကော်မရှင်က အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို အိုင်သပြုနယ်မြေရဲစခန်းမှာ စက်တင်ဘာလ ၄ ရက်နေ့က အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင် စွပ်စွဲထားသလို ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ယင်းဆယ်ကျေးရွာ၊ ဘုန်းကြီးကျောင်း တိုက်ခိုက်မှုမှာ အာရက္ခတပ်တော် (AA) နဲ့ တစုံတရာ ပတ်သက်မှု မရှိဘူးလို့ AA ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက တုန့်ပြန် ပြောဆိုထားသလို KNU ဘက်ကလည်း ဒါဟာ ဘာမှသက်ရောက်မှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

ဦးခိုင်သုခကတော့ စစ်ကော်မရှင်ဟာ အပြစ်မဲ့ ကလေးငယ်တွေ၊ ကျောင်းသားလူငယ်‌တွေကို ဗုံးကြဲသတ်ဖြတ် ထားတာကြောင့် နိုင်ငံတကာမှာ သူတိုရဲ့ နိုင်ငံရေး ပုံရိပ် ကျဆင်း‌နေသလို တခြားအဖွဲအစည်းတွေကိုလည်း အခုလို ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စွပ်စွဲ ပြောဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) ဟာ အများပြည်သူ ထိခိုက်စေမယ့် အကြမ်းဖက် လုပ်ရပ်မျိုးကို လုံး၀ အားမပေးဘူးလို့လည်း ဦးခိုင်သုခက ပြောဆိုထားပါတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ