အာရက္ခတိုင်းမ်စ် (၁၅ ဒီဇင်ဘာ ၂၀၂၅)
အရေးပေါ်လိုအပ်နေတဲ့ ဆေးရုံသုံးပစ္စည်းများနဲ့ ဆေးဝါးများ ကူညီပေးရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ (ဒီဇင်ဘာ ၁၀ ရက်) မှာ ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဆေးကုသမှု ခံယူနေတဲ့ အပြစ်မဲ့ အရပ်သား လူနာများ၊ လူနာစောင့်များနဲ့ ဆေးရုံဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၃၃) ဦး သေဆုံးခဲ့ရပြီး အပြစ်မဲ့ အရပ်သား ပြည်သူ (၇၇) ဦး ဟာလည်း အသေးစား၊ အလတ်စားနဲ့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပါတယ်။
“လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ကာ ကြီးမားသော စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ ထိခိုက်ခံစားခဲ့ရသူများနဲ့ နစ်နာခဲ့ရသူများအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေနဲ့ မဖော်ပြနိုင်လောက်အောင် များစွာ ဝမ်းနည်းယူကျုံးမရ ဖြစ်မိပါတယ်။ စစ်ကော်မရှင်ရဲ့ အကြမ်းဖက်လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတဲ့ ထုတ်ပြန်ချက်များနဲ့ ပြောဆိုချက်များကို မိမိတို့အဖွဲ့အစည်းနဲ့ အာရက္ခပြည်သူပြည်သားများက အမြဲတမ်း အမှတ်ရ ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အာဆီယံကိုယ်စားပြုအဖွဲ့များ၊ ကုလသမဂ္ဂရဲ့ လက်အောက်ခံ အဖွဲအစည်းကြီးများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းကြီးများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ကျန်းမာရေး အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ဥရောပသမဂ္ဂ၊ ယူကေနိုင်ငံ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ဖွံဖြိုးရေးရုံး၊ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကနေဒါနိုင်ငံ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) နဲ့ တခြားသော နိုင်ငံများက သံတမန်အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ အဖွဲ့အစည်းများအနေနဲ့ အစုလိုက် အပြုံလိုက် သေဆုံး ထိခိုက် နစ်နာခဲ့ရသူများရဲ့ တရားမျှတမှု ရရှိရေးအတွက် ဆက်လက် ပူးပေါင်း ကူညီပေးရန်နဲ့ အရေးပေါ် လိုအပ်နေတဲ့ ဆေးရုံသုံးပစ္စည်းများ ဆေးဝါးများအတွက်လည်း ဝိုင်းဝန်း ပံ့ပိုး ကူညီပေးကြရန်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။