အာရက္ခတိုင်းမ်စ်(၂၅ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်အတွက် ကောင်းသောနမိတ်ဖြစ်စေတဲ့ သမိုင်းဝင် ယတြာခေါင်းလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ယတြာခေါင်းလောင်းဟာ ရက္ခိုင်သမိုင်းမှာ ထင်ရှားတဲ့ခေါင်းလောင်းဖြစ်ပြီး ခရစ်သက္ကရာဇ် ၁၆၄၃ မှာ ရက္ခိုင်ဘုရင် နရပတိက မဟာမုနိဘုရား အထက်ပစ္စယံ အရှေ့မြောက်ထောင့်မှာ လှူဒါန်းထားရှိခဲ့တဲ့ ခေါင်းလောင်းဖြစ်တယ်လို့ ရက္ခိုင်ပြည်သူများက ရာဇဝင်သမိုင်းတခုအဖြစ် သိရှိထားတာပဲ ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ သမိုင်းဝင် ယတြာခေါင်းလောင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ မနက်အစောပိုင်းမှာ မဟာမုနိဘုရားကုန်းတော်ရဲ့ အနောက်ဘက် မဟာမုနိဘုန်းတော်ကြီးကျောင်းထဲက မြေအနက် ၈ပေကျော်ရှိ တနေရာမှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်တယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။
“ ခေါင်းလောင်းကို ဇူလိုင်လ ၃ ရက်နေ့၊ ၁၁ နာရီလောက်မှာ စပြီးတူးတယ်။ တွေ့တာကကျ ၄ ရက်နေ့၊ မနက်ပိုင်း ၃ နာရီလောက်မှာ တွေ့တယ်ဗျ။ အဲ့ခေါင်းလောင်းကို တွေ့တာကကျ အဓိက ညွှန်ပြတာက အဖိုးကြီး ဦးထွန်းအောင်ပေါ့။ အသက် ၈၅ နှစ်ရှိတဲ့ အဲဒီအဖိုးက လမ်းညွှန်ပြတဲ့အတွက်ပါ။ လတ်တလောက ကျနော်တို့ မထုတ်ပြန်သေးဆိုတာက အဲ့ဒီခေါင်းလောင်းဟာ သေချာလား၊ မသေချာလား စိစစ်တဲ့အပိုင်းတွေ ရှိတယ်။ ပြီးတော့ သူက မြေအောက်ထဲမှာ အကြာကြီးနေခဲ့ရတာတော့ သူ့ရဲ့ပျက်စီးမှုအခြေအနေ ပြီးတော့ သူ့မှာပါလာတဲ့ တခြားအစိတ်အပိုင်းတွေကို ကျနော်တို့သုတေသနပြုရင်းနဲ့ ပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေ၊ ရဟန်းတွေနဲ့ ညှိနှိင်းပြီးတော့ အချိန်ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ အာရက္ခတပ်တော် ULA/AA အစိုးရဘက်နဲ့ ညှိနှိင်းပြီးတော့ ဒီဘက်က ပညာရှင်တွေနဲ့ ဆက်ပြီး ထိန်းသိမ်းပြီး သုတေသနလုပ်စရာတွေ ဆက်ရှိသေးတယ်ဗျ” လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ခေါင်းလောင်းမှာ လောကီဆိုင်ရာ အစီအမံဖြင့် ပြုလုပ်ထားတဲ့ အင်းကွက်များပါရှိပြီး အပေါ်ပိုင်းမှာ အင်းကွက်ကြီး (၈) ကွက်နဲ့ အောက်တွင် အင်းကွက်သေး (၃၈) ကွက်တို့ကို ပါဠိသက္ကတအပြင် ရက္ခိုင်ဘာသာတို့ဖြင့် စီမံအင်း ချထားခြင်း ဖြစ်ပါတယ်။ အင်းကွက်များမှာ သက်ဆိုင်ရာ တိုင်းပြည်များရဲ့ နက္ခတ်နဲ့ ဂါထာမန္တာန်၊ ကိန်းဂဏန်းများကို ရေးသားထားတယ်လို့လည်း ရက္ခိုင်ပြည်သမိုင်းများကို ရေးသားလေ့ရှိတဲ့ ဆရာထွန်းရွှေခိုင် (မဟာဝိဇ္ဇာ) ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။
ဆရာထွန်းရွှေခိုင် (မဟာဝိဇ္ဇာ) က အဆိုပါ ခေါင်းလောင်းနဲ့ပတ်သက်ပြီး ရန်သူနိုင်ငံတခုခုက ကျူးကျော်၀င်ရောက်လာပါက ယင်းနိုင်ငံနဲ့ သက်ဆိုင်သော အင်းကွက်နေရာကို အချိန်နာရီ ဂြိုဟ်နက္ခတ် သွားလာမှုကို ကြည့်ပြီး နေ့၊ နာမ် ကိုက်ညီသူက တီးခေါက်ရပြီး ခေါင်းလောင်းရဲ့ အသံကြောင့် ရန်သူစစ်တပ်ပျက်စီး၍ ပြေးရတယ်လို့လည်း ဆိုပါတယ်။
“ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ယုံကြည်တာပေါ့။ ဒါကြီးကတော့ ပြောစရာမလိုတော့ဘူးလေ။ ဒါကြီးက ကောင်းတဲ့နမိတ်ကို ယူလာတာပဲဟာ။ ကောင်းခြင်းနဲ့လာသော လာခြင်းဆိုပြီး ပြည်သူတွေလည်း ယုံကြည်ကြပါတယ်။ ဒါကတော့ အတိုင်းအထက်အလွန်ပေါ့ဗျ။ ကျနော်တို့ မျက်ဝါးထင်ထင်မြင်ရတုန်းကဆိုရင် ယုံတောင်မယုံနိုင်ဘူး။ တော်တော်အံ့သြဖို့ ကောင်းတယ်ပေါ့။ တူးတဲ့နေရာကို သွားကြည့်လိုက်လို့ရှိရင် ၈ပေလောက်ထိမှာ ဇူလိုင်လဆိုတော့ မိုးရာသီထဲမှာ တူးကြတဲ့အတွက်နဲ့ အသက်ကြီးပိုင်းလူတယောက်က ဘာပြောလို့ပြောနေမှန်းမသိတဲ့ ပစ္စည်းတခုကို မြင်ရတဲ့အချိန်မှာ တကယ်ဝမ်းသာတယ်ဗျ။ ထိုနည်းတူစွာပဲ ရက္ခိုင်ပြည်သူတွေအကုန်လုံးလည်း ဝမ်းသာကြပါတယ်” လို့လည်း စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
ယတြာခေါင်းလောင်းတော်၏ မူလနေရာမှာ အရှေ့မြောက်ထောင့်ရင်ပြင်တွင်ဖြစ်ပြီး အေဒီ ၁၈၂၆ ခု၊ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲအပြီးတွင် စစ်တွေမြို့သစ်ကို တည်ဆောက်ခဲ့ရာ ခေါင်းလောင်းကို ရွှေ့ယူခဲ့ပြီး တရားရုံးတော်ရှေ့တွင် ချိတ်ဆွဲထားခဲ့ကြောင်း၊ ထိုကတဆင့် အေဒီ ၁၈၆၇ ခုနှစ် ကောဇာသက္ကရာဇ် ၁၂၂၈ ခုနှစ်တွင် ရှမ်းဆရာမောင်ရွှေမှုက မဟာမုနိဘုရားအား ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ရာ မဟာမုနိဘုရားရင်ပြင်ပေါ်သို့ ပြန်ရောက်ရှိခဲ့ပြီး ရင်ပြင်တော်ရဲ့ အပြင်ဘက်နံရံနဲ့ ညောင်ပင်ကြီး၏ သစ်ကိုင်းခွကို တန်းသွယ်ကာ ချိတ်ဆွဲထားခဲ့တာဖြစ်တယ်လို့ သမိုင်းအထောက်အထားတွေအရ သိရပါတယ်။
ခေါင်းလောင်းမှာပါ၀င်တဲ့ မယုံကြည်ရသော အိမ်နီးချင်း ပဒေသရာဇ်ပြိုင်ဘက်များအဖြစ် (၁) ဗရင်ဂျီ၊ (၂) ယိုးဒယား၊ (၃) မုတ္တမ၊ (၄) ပဲခူး၊ (၅) မွန်၊ (၆) သံလျင်၊ (၇) ပြည်၊ (၈) တောင်ငူ၊ (၉) ပုဂံ၊ (၁၀) အင်း၀၊ (၁၁) အောက်သား၊ (၁၂) ဥဒရစ်မြို့ပြည်၊ (၁၃) ပထန်ကုလား၊ (၁၄) ရှမ်း၊ (၁၅) သက် တို့ကို တွက်ချက်ဖော်ပြထားတာကြောင့် အဆိုပါခေါင်းလောင်းကြီးရဲ့ သက်တမ်းဟာ ပေါ်တူဂီများ ရက္ခိုင်ကို အနှောက်အယှက်ပေးခဲ့တဲ့ (၁၆) ရာစုနဲ့ (၁၇) ရာစုထက် မစောသော ကာလကပင် သွန်းလုပ်ထားရှိခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ဖော်ပြချက်များအရ သိရပါတယ်။
3 Comment
Montenegro yacht rental premium Montenegro yacht charter experience
ремонт стиральных машин н ремонт стиральной машины мастер
Interested in UFC? UFC White House Odds unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.