အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၆)
မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းရှိ နတ်ရေကန်ဗျူဟာကုန်းအနီးတွင် ဖြစ်ပွားနေတဲ့တိုက်ပွဲကို စစ်ကော်မရှင်ရဲ့ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) ကနေပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးနေတယ်လို့ သိရပါတယ်။
“ နတ်ရေကန်ကို သွားတဲ့ လမ်းနှစ်လမ်းရှိတယ်။ အဲဒီနှစ်လမ်းလုံးကို စစ်တပ်က အသုံးပြုပြီးသွားတယ်။ လမ်းတဝက်မှာပဲ AA နဲ့ PDF တွေက ကြားဖြတ်တိုက်လို့ တပ်ပျက်တယ်။ ပြန်လွှတ်တယ်။ အခုတော့ မစခ-၉၀၅ ကနေ လက်နက်ကြီးတွေနဲ့ ကူပစ်ပေးနေတယ်” လို့ အမည်မဖော်လိုသူ ငဖဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်သားတွေဟာ နတ်ရေကန်ဗျူဟာကုန်းကို ထိုးစစ်ဆင်ရန် ချီတက်လာရာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တို့က ပဇီရွာနဲ့ ဂုတ်ကြီးကျေးရွာအနီးတွင် ဇန်နဝါရီ ၉ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားနေရာကို စစ်ကော်မရှင်ရဲ့ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) ကနေပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးနေသလို လက်နက်ခဲယမ်းတွေကိုလည်း ဇင်ပြွန်းရွာဘက်ကနေ နတ်ရေကန်ကို ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။
“ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာမှာ စစ်သားတွေ ငတ်ပြတ်နေပြီ။ AA နဲ့အဖွဲ့က ဝိုင်းပိတ်ဆို့ထားတာလေ။ စစ်တပ်က စစ်ကြောင်းထိုးမရတော့ ရိက္ခာတွေကို ဒရုန်းရော Y12 ရော သုံးပြီး ပို့ပေးနေတယ်။ တချိုတဝက်တော့ စစ်သားဆီရောက်ပြီး တချို့တဝက်လည်း တော်လှန်ရေးအဖွဲ့တွေလက်ထဲ ရောက်သွားတယ် ကြားတယ်” လို့ သူက ထပ်မံပြောပါတယ်။
စစ်ကော်မရှင်အနေနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၇ လက်အောက်ခံတပ်များအပြင် တပ်မ (၉၉)၊ တပ်မ (၈၈) လက်အောက်ခံတပ်များကိုပါ နတ်ရေကန် လမ်းကြောင်းကို ပို့ဆောင်ထားပြီး ထပ်မံထိုးစစ်ဆင်ရန် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။