အာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၆)
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့က စစ်ရှောင် ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပြုလုပ်ပေးခဲ့တယ်လို့ Ramree Youth Network က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ အစီအစဉ်ကိုတော့ ဆရာအောင်ရဲခန့်က ဦးဆောင်တာဖြစ်ပြီး ကျောက်ဖြူစစ်ပွဲဧရိယာတွေက တိမ်းရှောင်လာတဲ့ စစ်ရှောင်ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဝေဟင်အောင်ဖောင်ဒေးရှင်းရဲ့ တာဝန်ရှိသူ စာရေးဆရာဝေဟင်အောင်ကလည်း “ ကလေးတွေက ကျောင်းလည်း မတက်ရ။ စစ်ဘေးရှောင်ရင်း လမ်းပျောက်နေကြတယ်။ စိတ်တွေ အလေအလွင့် ဖြစ်နေကြတယ်။ အဲဒါကို တဖက်တလမ်းက ကူညီနိုင်ဖို့အတွက်ကျနော်တိ့်ဘက်က အလှူငွေတွေကို အဲဒီဘက်မှာ သုံးဖိ့် ကူညီခဲ့တာ ဖြစ်ပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဆရာအောင်ရဲခန့်နဲ့အတူ ပံ့ပိုးကူညီပေးခဲ့တဲ့ ဝေဟင်အောင်ဖောင်ဒေးရှင်းအပြင် ပြည်တွင်းပြည်ပက အလှူရှင်တွေကိုလည်း Ramree Youth Network က ဂါရဝထားပြီး မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
မြန်မာ့လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ ၂၀၂၆ ခုနှစ်မှာ ဆက်လက်ဆိုးရွားနေမှာဖြစ်ပြီး မြန်မာနိုင်ငံရှိ (ကလေးသူငယ် ၅ သန်းအပါအဝင်) လူဦးရေ ၁၆ သန်းကျော်ဟာ လူမှုဘဝကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာအကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေမှာဖြစ်တယ်လို့ UN Myanmar က ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှာ အသိပေးချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဘေးအန္တရာယ်တွေကြောင့် ခန့်မှန်း လူဦးရေ ၃ ဒသမ ၆ သန်းခန့်ဟာ အိုးအိမ်စွန့်ခွာ နေကြရတယ်လို့ အဆိုပါ ထုတ်ပြန်ချက်အရ သိရပါတယ်။