အာရက္ခတိုင်းမ်စ် (၃၀ ဧပြီ ၂၀၂၆)
စစ်ကော်မရှင်ဟာ ချင်းပြည်တောင်ပိုင်းကို ပြန်လိုချင်နေပြီး မင်းတပ်၊ ကန်ပက်လက်မှာ ခြေချခွင့်ရရင် မတူပီ၊ ပလက်ဝကနေ ရက္ခိုင်ကို ဦးတည်မှာ ဖြစ်တယ်လို့ ချင်းတောင်ပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄ ခု စုစည်းထားတဲ့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ဆိုပါတယ်။
“ ချင်းတောင်ပိုင်းကို စစ်ကောင်စီ ပြန်လိုချင်နေပြီး မင်းတပ်၊ ကန်ပက်လက်မှာ ခြေချခွင့်ရရင် မတူပီ၊ ပလက်ဝကို ရှေ့ဆက်တိုးမှာ ဖြစ်ပြီး အဲဒီကနေတဆင့် အာရက္ခဒေသဘက် ဦးတည်မှာပဲ။ တဘက်မှာ စကမလည်း သူ့ဟာသူ အသည်းအသန် အကျပ်ရိုက်တာတွေ ရှိနေတာပဲ။ ကျနော်တို့ သိရတဲ့ သတင်းအရဆိုရင် ဒီ ချင်းမြောက်ထိုးစစ်မှာ ကလေး (ဒကစ) မှာရှိတဲ့ တတက (၁၀) သင်တန်းမှူးနဲ့ သင်တန်းကျောင်းအုပ်တို့ပါ မြေပြင်စစ်ကြောင်းအထိ လိုက်ပါနေရတယ်ဆိုတာ သိရတယ်။ လက်ရှိ နိုင်ငံအနှံ့အပြားမှာ စကမ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေ (ကချင်၊ ကရင်နီ၊ ကရင်၊ ရက္ခိုင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး) အပြင် ချင်းတောင်ပိုင်းကို စစ်ကြောင်းထိုးတဲ့အခါ ချင်းမြောက်ပိုင်းကို ထိုးတဲ့စစ်ကြောင်းထက် အင်အား ပိုပိုသာသာ သုံးမှ ရမှာဆိုတာ စကမ သိတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
CPU/CPA ထိန်းချုပ်ထားတဲ့ ချင်းတောင်ပိုင်း မင်းတပ်မြို့နဲ့ ၁၂ မိုင်ခန့်အကွာ မကွေး-ချင်းအစပ် ဆောမြို့နယ် ကံကြီးရွာကို စစ်တပ်က အင်အား ၂၀၀ ခန့်နဲ့ စစ်ရေးလှုပ်ရှားလာတဲ့ အခြေအနေအပေါ် ဧပြီလ ၂၈ ရက်မှာ လူမှုကွန်ယက်မှတဆင့် ဆလိုင်းယောမာန်က ရှင်းလင်း အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဧပြီလ နောက်ဆုံးပတ်မှာ ဖလမ်းမြို့ကို စစ်ကော်မရှင်က ပြန်ရသွားခဲ့ပြီး နောက်ရက်မှာပဲ ချင်းတောင်ပိုင်းအစပ် မကွေးတိုင်း ကျောက်ထုအမြောက်တပ်မှစစ်တပ်စစ်ကြောင်းက မင်းတပ်နဲ့ ၁၂ မိုင်သာဝေးတဲ့ ကံကြီးရွာကို လာရောက် တပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကော်မရှင်က ကံကြီးတွင် အထိုင်ဂိတ်ချထားလို့ ကြန်တော – ကံကြီး – ရေရှင် ကတ္တရာ ကားလမ်းတလျှောက် ဖြတ်သန်းသွားလာခြင်းများ လုံး၀ မပြုလုပ်ရန်လည်း ပြည်သူတွေကို သတိပေးထားတယ်လို့ သိရပါတယ်။
CPU ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး ဖေဖော်ဝါရီလမှာ အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့ပြီး စစ်ကော်မရှင် ထိုးစစ်ကို ခုခံဖို့ အပါအဝင် စစ်ရေး နိုင်ငံရေး ဆိုင်ရာတွေ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2 Comment
References:
Harrington raceway and casino anyamnam293551.dailyhitblog.com
References:
Casino aachen https://travelersqa.com