အာရက္ခတိုင်းမ်စ် (၃၀ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲနဲ့ ဂွမြို့နယ်တို့တွင် မိုးသက်လေပြင်း ပြင်းထန်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
ဦးဝင်းနိုင်က “ ရက္ခိုင်ကမ်းရိုးတန်းနဲ့ အနောက်ဘက်ဒေသများမှာ နေ့လည် ၂ နာရီခွဲ အခြေအနေအရ အလွန်အားကောင်းတဲ့ မိုးတိမ်တိုက်ကြီး (Storm System) တစ်ခုဟာ ကျောက်ဖြူ၊ မာန်အောင်နဲ့ သံတွဲမြို့များအနီး ပင်လယ်ပြင်တွင် တည်ရှိနေပြီး ကုန်းတွင်းပိုင်းသို့ ဦးတည်နေပါတယ်” လို့ ဆိုပါတယ်။
အလားတူ “ ညနေ ၅ နာရီ ခန့်မှန်းချက်အရ အဆိုပါတိမ်တိုက်များဟာ ကုန်းတွင်းပိုင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး သံတွဲ၊ ဂွ၊ လေးမျက်နှာနဲ့ ပြည် လမ်းကြောင်းတလျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။ ရေဒါရှိ အဝါရောင်နဲ့ လိမ္မော်ရောင် အစက်အပြောက်များအရ ဒီဒေသများတွင် မိုးသက်လေပြင်းကျခြင်းနဲ့ မိုးကြိုးပစ်ခြင်းများ ပြင်းထန်နိုင်ပါတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အထူးသဖြင့် ရက္ခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီတိုင်း အနောက်ဘက်ခြမ်းရှိ ပြည်သူများ ပိုမိုဂရုစိုက်ကြပါရန် တိုက်တွန်းအပ်ပါတယ်လို့လည်း ဆိုပါတယ်။
ဧပြီလ ၂၉ ရက်ကလည်း ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းတချို့ဟာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့လို့ ပျက်စီးသွားတယ်လို့သိရပါတယ်။