အာရက္ခတိုင်းမ်စ် (၁၀ မေ ၂၀၂၆)
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဆင်လန်တောင်အနီးတွင် စစ်ကော်မရှင်က လက်နက်ကြီးစခန်း အခိုင်အမာတည်ဆောက်နေတယ်လို့ သိရပါတယ်။
“ ဆင်လန်စခန်းရဲ့ နောက်ဘက် ကျောက်စရစ်ကွင်း အနီးတဝိုက်မှာပါ လက်နက်ကြီးစခန်း အခိုင်အမာတည်ပြီး ညောင်ကျိုးရိုးပေါ်ကို ကျော်ဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်ပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာက စစ်ကော်မရှင်ရဲ့ ပင်မစခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး အဆိုပါ စခန်းကို စစ်ကော်မရှင်က ပြန်လည်ထိုးစစ်ဆင်ရန်အတွက် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
“ ညောင်ကျိုးစခန်းကို ရောက်ရှိဖို့ လေလာတောင်ကြောဟာ သတ်ကွင်း ဖြစ်နေတာမို့ ပွိုင့် ၆၆၆ ကနေ ပုဂံကွဲဘက်ကို ထပ်မံ ထိုးဖောက်လိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အာရက္ခနဲ့ ပူးပေါင်းတပ်တွေဘက်က ကပစ ၁၆ နဲ့ ၆ ကီလိုမီတာ (၄ မိုင်) အကွာအဝေးသာရှိတဲ့ ပွိုင့် ၅၀၆ စခန်းကို တန်ပြန်တိုက်စစ်ဆင်လာခဲ့ခြင်း ဖြစ်ပါလိမ့်မယ်” လို့လည်း သူက ဆိုပါတယ်။
စစ်ကော်မရှင်ဟာ မေလဆန်းက စတင်ကာ ကပစ ၆ ကနေ ညောင်ကျိုးကို လေလာတောင်ဖက်ကနေ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်က မသုန်အခြေစိုက် ကပစ ၁၆ နဲ့ တောင်ကုတ်ရိုးပေါ်ရှိ ဆင်လန်စခန်းကို စစ်ယာဉ်တန်း ၅ စီးစီ အင်အား ဖြည့်တင်းထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လေလာတောင်တိုက်ပွဲမှာ ဆင်လန်စခန်း အခြေပြုတဲ့ ရတခမရ ၅၈၄ တပ်ဟာ စစ်ကြောင်းလိုက် ပြုတ်သွားလို့ ယခုလို စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေတာလည်း ဖြစ်ပါတယ်။