အာရက္ခတိုင်းမ်စ် (၁၂ မေ ၂၀၂၆)
ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်က ကံကြီးကျေးရွာတွင် စစ်ကော်မရှင်က အင်အား ၂၀၀ ကျော်နဲ့ ခံစစ်ပြင်ဆင်ထားပြီး ကျောက်ထု အမြောက်တပ်ကနေ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ ကံကြီးကျေးရွာတွင် တပ်စွဲထားတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိ စကမ တပ်ဖွဲ့ဝင်များဟာ ကတုတ်ကျင်းများ အခိုင်အမာ တူးဖော်ကာ ခံစစ်အနေအထားကို သေချာ ပြင်ဆင်ထားတယ်လို့ သိရတယ်။ ကျောက်ထု အမတ (၃၆၈) တပ်အတွင်းကနေလည်း ဒီနေ့ညနေ ၆ နာရီခွဲလောက်မှာ အညာ (၅) ရွာအနီးအနားနဲ့ တောစပ်နေရာများကို ဒရုန်းနဲ့ ကြဲချတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်” လို့ ယောအလင်းတန်းက ဆိုပါတယ်။
စစ်ကော်မရှင်က မကွေးတိုင်း တောင်ယောဒေသအတွင်းကိုလည်း မေလ ၁၂ ရမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စတင် ထိုးစစ်ဆင်လာနေတယ်လို့လည်း သိရပါတယ်။
လောင်းရှည်မြို့ အခြေစိုက် ကပစ (၂၅) ကနေ စစ်ကား ၁၇ စီး၊ အင်အား ၅၀၀ ဝန်းကျင် ပါရှိတဲ့ စစ်ကြောင်းတကြောင်းဟာ ဆောမြို့ဘက်ကို ဦးတည်ထွက်ခွာသွားပြီး ပေါက်မြို့နယ် ကပစ (၂၄) ကနေလည်း အင်အား ၅၀၀ ဝန်းကျင် ပါရှိတဲ့ စစ်ကြောင်းတကြောင်းလည်း ကျောက်ထုမြို့ဘက်ကို ဦးတည်ထွက်ခွာလာနေတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်က ထိုးစစ်ဆင်လာလို့ ကျောက်ထု – ပေါက် လမ်းပိုင်းနဲ့ ဆော – လောင်းရှည် လမ်းပိုင်းများပေါ်တွင် ဖြတ်သန်းသွားလာခြင်း မပြုဘဲ ဘေးကင်းရာ နေရာများတွင် သတိရှိရှိ နေထိုင်ကြရန်လည်း ပြည်သူတွေကို ယောအလင်းတန်းက အသိပေးထားပါတယ်။