အာရက္ခတိုင်းမ်စ် (၂၇ မေ ၂၀၂၆)
ရက္ခိုင်ပြည် ဂွမြို့နယ်က စစ်ရှောင်လာနေတဲ့ စစ်ရှောင် ၃ ဦးကို စစ်ကော်မရှင်က ရေကြည်မြို့ မြို့နယ်တရားရုံးကနေ မေလ ၂၆ ရက်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
“ ဖမ်းတာက ဇန်နဝါရီလာလောက်က ဖမ်းသွားတာ၊ ရုံးတင်ပြီး အမှုတွေစစ်ပြီး အခုတော့ အကြမ်းဖက် ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာ” လို့ ရေကြည်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ချလိုက်တဲ့ ဂွမြို့နယ်က စစ်ရှောင် ၃ ဦးမှာ ၁ ဦးက အမျိုးသမီးဖြစ်ပြီး ၂ ဦးကတော့ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ တကယ်ဆို ရက္ခိုင်က စစ်ရှောင်လာတဲ့သူတွေ အဖမ်းခံထားရတာ မနည်းဘူး ရှိတယ်။ ဒီ ၃ ယောက်ကတော့ တရားရုံးတင်လို့ လူတွေ သိရပေမယ့် တရားရုံးလည်း မရောက်ပဲ ပျောက်နေတဲ့သူတွေလည်း အများကြီး ရှိသေးတယ်။ သူတို့က (စစ်ကော်မရှင်) ရက္ခိုင်ဆိုရင် မထင်ရင် မထင်သလို ဖမ်းတယ်။ ပြီးတော့ ငွေညှစ်တယ်။ မရရင် စစ်မှုထမ်းခိုင်းတယ်။ အခုလို တရားရုံးတင်ပြီး ထောင်ဒဏ်ချတာကတော့ ဖြစ်တောင့် ဖြစ်စဉ်တခုပဲ” လို့ ဧရာဝတီတိုင်းရောက် ရက္ခိုင်စစ်ရှောင်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ မတ်လ ၁၇ ရက်ကလည်း ဂွမြို့နယ်က စစ်ရှောင်လာတဲ့ စစ်ရှောင် အမျိုးသား ၃ ဦးကို ရေကြည်မြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၅ နှစ် ချခဲ့ပါသေးတယ်။