ရက္ခိုင်က မြို့ ၃ မြို့ကို ရွေးတုတပ် ဂျက် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်း၊ ရသေ့တောင် နဲ့ စစ်တွေမြို့ အစပ်က ကျေးရွာတွေကို ရွေးတုအစိုးရတပ်က ဒီကနေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်က စတင်ပြီး ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်း ထုတ်ပြန်ပါတယ်။

“၂၀၂၆ ခုနှစ် စက်တင်ဘာလ (၃) ရက်၊ နေ့လယ် (၁) နာရီ (၃၅) မိနစ်ခန့်မှ စတင်ပြီး ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၄) စီးဖြင့် အကြိမ် (၃၀) ခန့် အား မိနစ် (၃၀) အတွင်း လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေကတော့ ပုဏ္ဏားကျွန်း၊ ရသေ့တောင် နဲ့ စစ်တွေမြို့ အစပ်က ကျေးရွာတွေဖြစ်တဲ့ ကွမ်းတောင်ကျေးရွာ၊ ကုန်းတန်းကြိမ်ချောင်းကျေးရွာ၊ မက္ကလာကျကျေးရွာ၊ ညိုရောင်နဲ့ မင်းလှကျေးရွာကြားဖြစ်ပြီး ရသေ့တောင်မြို့နယ် မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်နဲ့ ညောင်ပင်ကြီး (ရက္ခိုင်ရွာ နဲ့ မူဆလင်ရွာ) ကြားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည်သူများအနေနဲ့ ရွေးတုအစိုးရတပ်ရဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန် ထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။

အလားတူ အသေးစိတ် အချက်အလက်များကို ဆက်လက် တင်ဆက်ပေးသွားမယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

Related posts

ပုဏ္ဏားကျွန်းကို ရွေးတုတပ် ဗုံးကြဲနေ(Breaking News)

ဂွကနေ ငပလီကမ်းခြေထိ နေဗီကနေ လက်နက်ကြီးနဲ့ တိုက်ခိုက်နေ(Breaking News)

ရန်ကုန်တွင် ရက္ခိုင်အမျိုးသမီးတစ်ဦး နေအိမ်တွင် ပစ္စည်းလု အသတ်ခံရ