အာရက္ခတိုင်းမ်စ် (၁၇ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲခရိုင်တွင် လိုင်စင်မရှိဘဲ ဆေးဆိုင်ဖွင့်ပြီး ဆေးရောင်းချနေတဲ့ ဆေးဆိုင် ၅ ဆိုင်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက လိုင်စင်မရှိဘဲ မရောင်းချရန် သတိပေးခဲ့တယ်လို့ သိရပါတယ်။
“ FDA က သံတွဲခရိုင်အတွင်းကို ရှောင်တခွင်စစ်ဆေးတာပါ။ လိုင်စင်မရှိဘဲ ဆေးရောင်းနေတဲ့ ၅ ဆိုင်ကိုတော့ လိုင်စင်လုပ်ဖို့ သတိပေးတယ်။ ပြီးတော့ ကျောက်ကြီးရွာမှာ တားမြစ်ထားတဲ့ ဆေးဝါးတွေကို တွေ့ရှိလို့ သိမ်းဆည်းခဲ့တယ်” လို့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက သံတွဲခရိုင်အတွင်းရှိ ဆေးဆိုင် ၂၁ ဆိုင်ကို ရှောင်တခင် သွားရောက်ကာ စစ်ဆေးခဲ့တာလို့လည်း သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနအနေနဲ့ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကိုလည်း ရှောင်တခင် စစ်ဆေးနေပြီး ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသနေတဲ့ ဆေးဆရာများ၊ ဆေးခန်းနဲ့ ရက်လွန်ဆေးများ၊ တရားမဝင် တင်သွင်းထားတဲ့ ဆေးဝါးများကို အသုံးပြုရောင်းချနေတဲ့ ဆေးခန်းများကို တွေ့ရှိခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
အလားတူ ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ အလှကုန်ဆိုင်အနေနဲ့ သက်တမ်းကုန်နေတဲ့ အလှကုန်တွေကို မရောင်းချရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ကွင်းဆင်း သတိပေးနေတယ်လို့ သိရပါတယ်။