အာရက္ခတိုင်းမ်စ် (၇ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို ဇူလိုင်လ ၆ ရက်က ရွေးတုအစိုးရရဲ့ ကမာရွတ်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
“ ဟုတ်ပါတယ်။ ၂၀၂၅ ၈ လပိုင်းက လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်ပေးဘူး။ အခုလည်း ထောင် ၅ နှစ် ထပ်ချလိုက်တယ်လို့ ပြောပါတယ်။ မနေ့က အမိန့်ချလိုက်တာ” လို့ မမိုးဆန်းစုကြည်ရဲ့ ဆွေမျိုးတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မမိုးဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် မေလ ၉ ရက်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖမ်းဆီးခံရပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-(က)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်မှာတော့ အင်းစိန်အကျဉ်းထောင်ကနေ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ် သြဂုတ်လတွင် လွတ်ရက်စေ့ပေမယ့် ရွေးတုအစိုးရဟာ သူမကို လွှတ်ပေးခြင်း မရှိခဲ့ပါဘူး။
မမိုးဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ လူငယ်တာဝန်ခံတစ်ဦးလည်း ဖြစ်ပါတယ်။