စစ်တွေ၊ မောင်တောနဲ့ ကျောက်ဖြူတွင် မိုးသက်လေပြင်းနဲ့အတူ မိုးအလွန်ကြီးနိုင်

အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင်)

ရက္ခိုင်ပြည် စစ်တွေ၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တို့တွင် မိုးသက်လေပြင်းနဲ့အတူ မိုးအလွန်ကြီးနိုင်တယ်လို့ သိရပါတယ်။

“လာမယ့် ၂၄ နာရီအတွင်း ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲလာမယ့် အရှိန်ကြောင့် ရက္ခိုင်ပြည် မြောက်ပိုင်းနဲ့ အလယ်ပိုင်း စစ်တွေ၊ မောင်တော၊ ကျောက်ဖြူတို့တွင် မိုးသက်လေပြင်း ကျခြင်းနဲ့အတူ နေရာကွက်ပြီး မိုးအလွန်ကြီးနိုင်တဲ့ အခြေအနေ ဆက်လက် ရှိနေတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

ရက္ခိုင်ကမ်းရိုးတန်း (မြောက်ပိုင်းနဲ့ အလယ်ပိုင်း) တွင် လေပွေလှိုင်းရဲ့ အရှေ့ဘက်ခြမ်း မုတ်သုံလေပြင်း တိုက်ရိုက် ကျရောက်ရာ ဇုန်တွင် ရှိနေလို့ ရက္ခိုင်ပြည် (စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ) တို့တွင် မိုးကြီးခြင်း၊ နေရာကွက်ကြီး အလွန်ပိုမိုသောမိုး (Heavy to Very Heavy Rain) ရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းတလျှောက် လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့လည်း သိရပါတယ်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနဲ့ မုတ်သုံလေ အဝင်လမ်းကြောင်းဖြစ်တဲ့ ကပ္ပလီပင်လယ်ပြင်တို့တွင် လှိုင်းလေ အလွန်ပြင်းထန်နိုင်လို့ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနဲ့ သင်္ဘောများ သတိပြုရန် လိုအပ်ပါတယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း စတင် ဖွဲ့စည်းလာတော့မှာဖြစ်လို့ ရက္ခိုင်ပြည်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် ရုတ်တရက် တောင်ကျရေ လျှံခြင်း၊ မြစ်ရေကြီးခြင်းနဲ့ မြေပြိုခြင်း ဘေးအန္တရာယ်များကို အထူးဂရုပြု စောင့်ကြည့်သင့်တယ်လို့လည်း ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။

Related posts

ရေဘေးဒဏ်ခံနေရတဲ့ ဂွမြို့နယ်ကို ရွေးတုအစိုးရတပ် ဗုံး ၄ လုံး ချ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ဂွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်နေ

တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်ခဲ့သူတွေကို ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဂုဏ်ပြုဆုပေးအပ်