အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ကမ်းပါးပြိုလို့ နေအိမ်ပျက်စီးခဲ့တဲ့ အိမ်ထောင်စုတွေအတွက် ထောက်ပံ့ ကူညီမှု ပြုလုပ်ပေးခဲ့တယ်လို့ လေးဝတီ-သံတွဲ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။
ကမ်းပါးပြိုကျခဲ့တာကြောင့် အိမ်ထောင်စု ၅၅ စုဟာ နေအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
“ကမ်းပါးပြိုတယ်ဆိုတာက လှိုင်းတွေ တအားကြီးပြီး ပင်လယ်ကမ်းစပ်က ရွာတွေ။ သူတို့က ကမ်းစပ်နားလေးမှာ။ ပင်လယ်ကမ်းစပ်ဆိုပေမယ့် ခပ်လှမ်းလှမ်းပေါ့။ အဲ့ဘက်မှာ ဆောက်ထားတာ။ ဟိုတနေ့က မုန်တိုင်းနဲ့ လှိုင်းတအားကြီးပြီး သဲတွေကို ဆွဲချသွားတဲ့အခါ သူက သဲပေါ်မှာ ဆောက်တာကို ပင်လယ်ကမ်းစပ်ဆိုတော့ အဲ့မှာ အိမ်တွေက ပြိုကုန်တာပေါ့။ အခြေခံ လူတန်းစားတွေ နေတဲ့အိမ်ဆိုတော့လည်း ဓနိမိုး ထရံကာပေါ့။ အဲ့လို အနေထားလောက်ပဲ။ အဲ့အိမ်တွေ ပြိုသွားတာ” လို့ အဆိုပါအဖွဲရဲ့ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စာရေးဆရာ ဝေဟင်အောင်ရဲ့ ပရဟိတအဖွဲ့က ခွဲဝေလှူဒါန်းခဲ့တဲ့ ကျပ်သိန်း (၅၀) ကနေ နေအိမ် ပျက်စီးခဲ့တဲ့ အိမ်ထောင်စု တစ်စုလျှင် (၅၀,၀၀၀) ကျပ်နှုန်းနဲ့ စုစုပေါင်း ၂၇ သိန်း ၅ သောင်းကျပ်ကို လေးဝတီ-သံတွဲ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ပြန်လည် လှူဒါန်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သြစတြေလျနိုင်ငံက “ဆရာကြီး ဦးကျော်ဇံလှနဲ့ ဒေါက်တာခင်မြဦး”တို့ရဲ့ အိမ်ထောင်သက် နှစ် (၇၀) ပြည့်အထိမ်းအမှတ်အဖြစ် စာရေးဆရာ ဝေဟင်အောင်ကို သိန်း ၁၅၀ လှူဒါန်းတာကနေ လေးဝတီ-သံတွဲ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကို သိန်း ၅၀ ပြန်လည် ခွဲဝေ လှူဒါန်းပေးခဲ့တာလို့လည်း သိရပါတယ်။