စစ်တွေမှာ သင်္ဘောမရောက်လို့ ဒေသခံတွေကို ခက်ခဲနေ

အာရက္ခတိုင်းမ်စ် (၂၄ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ ရာသီဥတုကို အကြောင်းပြပြီး ကုန်တင်သင်္ဘောတွေ မရောက်တာကြောင့် ဒေသခံတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်နဲ့အတူ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေဒေသခံ ဝန်ထမ်းတစ်ဦးက “အခု သင်္ဘောမလာလို့ ကုန်ဈေးနှုန်းတွေ တက်နေတာမှာ ကျမတို့ အိမ်ရှင်မတွေအနေနဲ့ ဆန်ကလည်း အပြင်က ဝယ်စားရတယ်။ ကြက်သွန်နီတစ်ပိဿာကို ၄ သောင်းနဲ့ ဝယ်ရပါတယ်။ စားဆီက good choice တစ်ဘူးဆိုရင် တစ်လီတာ ၁ ဘူးကို ကိုးထောင်နဲ့ ငါးရာပါ။ အခု ကိုးထောင့် ရှစ်ရာ ဖြစ်နေပြီ။ မီးသွေး မတတ်နိုင်လို့ ဂတ်စ်မီးဖိုနဲ့ ချက်တယ်။ ကျောင်းဆရာမဆိုတော့ အလုပ်သွားဖို့အတွက် အရင် အဆင်ပြေအောင်လို့ ဂတ်စ်အိုးနဲ့ ထမင်းချက်တယ်၊ ဟင်းချက်တယ် လုပ်ပါတယ်မလား။ အခု သင်္ဘောမလာလို့ ဂတ်စ်လည်း ဝယ်လို့ မရပါ။ ကျမတို့မှာ ဂတ်စ်ထည့်ဖို့ အခက်အခဲ အများကြီး ရှိပါတယ်။ မီးသွေးတစ်အိတ်ဆိုရင်လည်း ငါးသောင်းကျော် ခြောက်သောင်း ဖြစ်နေပါပြီ။ လောင်စာမီးတုံး အရင်တစ်ခါ အစိုးရက ပေးတာ ဈေးတန်ပါတယ်။ အခုဆို တစ်တုံးကို နှစ်သောင်း ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

လက်ရှိ စစ်တွေမြို့ဟာ စစ်ရေးအရ အလွန်တင်းမာလျက်ရှိပြီး အာရက္ခတပ်တော် (AA) နဲ့ ရွေတုအစိုးရတို့အကြား စစ်ရေးအရ ဝိုင်းဝန်း ပိတ်ဆို့ခံထားရတာပါ။

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်ကာ ဒေသခံတွေမှာ စားဝတ်နေရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အလွန် စိုးရိမ်ပူပန်နေကြရတာ ဖြစ်ပါတယ်။

ဒေသခံလူထု ကုန်ဈေးနှုန်း သက်သာချောင်ချိစေဖို့ အယောင်ဆောင် ပြည်နယ်အစိုးရအဖွဲ့က ကိုရီးယားဆိပ်ကမ်းမှာ ပင်လယ်စာတွေ ရရှိရေးအတွက် ငါးဖမ်းပိုက်တွေ ချခွင့်ပေးထားပေမယ့် ဈေးကြီးနေတုန်းပဲ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခုလို မိုးတွေ အများကြီး ရွာနေတယ်၊ အားလုံး ဟင်းရွက်တို့ ဘာညာဆိုတာ ဈေးထဲမှာ မရှိ။ ငါးဆိုလည်း ဈေးကြီးတယ်။ ငါးဆိုတောင်မှ ငါးသတိုက်ဆိုရင် အရင်က တစ်တုံး၊ အခုဆိုရင် အဲဒီတစ်တုံးကို နှစ်ခြမ်းခြမ်းလို့ အရှည်လိုက် နှစ်ခြမ်းမှာ တစ်ခြမ်းကို တစ်သောင်း၊ တစ်သောင်း နှစ်ထောင် အဲဒီလိုမျိုး ဝယ်စားနေရပါတယ်။ အကုန်လုံး အခက်အခဲဖြစ်ပြီး အဆင်မပြေတာတွေ ကြုံရပါတယ်” လို့ သူက ပြောပါတယ်။

အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ကျန်ရှိတဲ့ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တို့ကို ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း အပြီးသတ် သိမ်းပိုက်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ဖော် ပြောကြားထားတာပါ။

လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ် ထိန်းချုပ်ဆဲ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု ရှိနေကြောင်းလည်း သိရပါတယ်။

Related posts

သံတွဲ ဒိုးတောင်ကို ရွေးတုအစိုးရ ဗုံးထပ်ကြဲလို့ ပြည်သူတစ်ဦး ထပ်မံသေဆုံး

ပုဏ္ဏားကျွန်းက မုဒိန်းမှုတရားခံကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရန် ရက္ခိုင်ပြည်သူတွေ တောင်းဆို

သံတွဲမြို့ကို ညသန်း‌ခေါင် ဗုံးကြဲခံရလို့ ပြည်သူ ၈ ဦးခန့် ထိခိုက်ဒဏ်ရာရ