အာရက္ခတိုင်းမ်စ် (၂၅ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က မနှင်းနှင်းဝေအမှုအတွက် တရားခံကို ထိရောက်စွာ အရေးယူပေးဖို့ ပြည်ပရောက်ညီနောင်ပရဟိတအသင်းများက ဒီကနေ့ ဇူလိုင်လ ၂၅ ရက်မှာ တောင်းဆိုချက် ထုတ်ပြန်ခဲ့ပါတယ်။
အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အောင်ဆိပ်ကျေးရွာသူ မနှင်းနှင်းဝေရဲ့ ဖြစ်စဉ်အတွက် ပြည်ပရောက်ညီနောင်ပရဟိတအသင်း (၁၃) သင်းက အထူးဝမ်းနည်း တုန်လှုပ်မိကြောင်း ထုတ်ပြန်ထားပါတယ်။
“တရားခံကိုတော့ ဒီအမျိူးသမီးဘက်ကနေ သေဒဏ်ပေးစေချင်တယ်။ အဲ့ဒါမှ မှတ်မှတ်ရရ တကယ့်ကို စံနမူနာ၊ နောက်လုပ်ချင်တဲ့လူဖြစ်ဖြစ်၊ ရည်ရွယ်ချက်ရှိတဲ့လူဖြစ်ဖြစ် မလုပ်ချင်အောင် နမူနာပြစေချင်တယ်။ နောက်တစ်ခုက ဒီလိုကိစ္စက ကျနော်တို့ ရက္ခိုင်ဒေသမှာ အရင့်အရင်က ကြားတောင် မကြားဖူးဘူး။ အခုက လူသတ်မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုတွေ ပေါ်လာတယ်။ ဒီလူတွေကို ထိုက်ထိုက်တန်တန်ကို သေဒဏ်ပေးပြရမှာ။ ဒါမှ နမူနာအဖြစ် ထိထိရောက်ရောက်လုပ်ပေးရမှာ။ အဲ့ဒါမှ ဒီကိစ္စတွေက ပပျောက်သွားမှာ။ မဟုတ်လို့ရှိရင် နောက်လည်း လျော့တဲ့အမှုကြောင့် နောက်လည်း ဒီလိုမျိုးတွေ ဆက်ဖြစ်နေမှာပဲ။ အဲ့ဒါကြောင့် အခုလို လူမဆန်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ဘာသာရေးနဲ့ မညီညွတ်တဲ့ ဒီလို အလုပ်မျိုးကို လုံးဝ ကျနော်တို့ ရက္ခိုင်ဒေသမှာ နောက်မလုပ်ရဲအောင် မှတ်လောက် သားလောက် နမူနာအဖြစ် ပြစေချင်တယ်။ ထပ်လောင်းပြောချင်တာတခု ရှိတယ်။ ဒီကိစ္စတွေက ရိုးရိုးသာမန်ရိုးကျ ဖြစ်တာမဟုတ်ဘူး။ တကယ့်ကိုမူးယစ်ဆေးဝါး သုံးစွဲတဲ့လူတွေ ဖြစ်နိုင်တယ်။ ကျနော့်အတွေးနဲ့ တွေးကြည့်တာပေါ့နော်။ ဒီမူးယစ်ဆေးဝါးကို ဒီပတ်ဝန်းကျင် ဒီနယ်မြေကို ထိန်းချုပ်တဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက သေသေချာချာ ပပျောက်အောင် လုပ်စေချင်တယ်။ မူးယစ်ဆေးဝါး ပပျောက်သွားလို့ရှိရင် အခုလို ကိစ္စမျိုးက ဆယ်ခုဖြစ်ဖိုနေရာမှာ တစ်ခုလောက်ပဲ ဖြစ်မှာ” လို ဥက္ကဌ ကိုခိုင်ထွန်းလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ လုပ်ရပ်ဟာ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေကို အပြင်းအထန် ချိုးဖောက်တဲ့ ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတစ်ရပ်ဖြစ်ပြီး မည်သည့်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ကြောင်း၊ အာရက္ခပြည်သူ့အစိုးရအနေနဲ့ အမှုဖြစ်စဉ်တစ်ခုလုံးကို ပွင့်လင်းမြင်သာစွာ၊ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးကာ ပြစ်မှုကျူးလွန်သူကို ဥပဒေနဲ့အညီ ထိရောက်ပြတ်သားစွာ အရေးယူ ဆောင်ရွက်ပေးဖို့ကိုလည်း အလေးအနက် တောင်းဆိုထားပါတယ်။
ပြည်ပရောက်ညီနောင်ပရဟိတအသင်း (၁၃) သင်းဟာ လေးဝတီမျိုးသျှစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးသောအလင်းရောင်ကြည်ပွင့်များပရဟိတအသင်း၊ ARAKAN လူငယ်ပရဟိတအသင်း၊ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးခြင်းနန့်ချီတက်ကတ်မေပရဟိတအသင်း၊ အဖြူရောင်သံယောဇဉ်မောင်နှမများပရဟိတအသင်း၊ ရက္ခိတဒါနလူငယ်ပရဟိတအသင်း၊ စည်းလုံးမှုအင်အားရခိုင်လူငယ်များပရဟိတအသင်း၊ ARAKAN STAR CHARITY၊ နိုင်ငံတကာရောက်ခမီအမျိုးသားအသင်း၊ မျိုးမြတ်ရခိုင်လူငယ်ပရဟိတအသင်း၊ မျိုးကိုချစ်ကေသွီးမရောကေ့ပရဟိတအသင်း နဲ့ ရက္ခိတပုံရိပ် ညီအစ်ကိုမောင်နှမအသင်းတို ပူးပေါင်းဖွဲစည်းထားတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။