ဖက်ဒရယ်စနစ် တည်ဆောက်ရေးအတွက် အိန္ဒိယအတွေ့အကြုံ လေ့လာသင့်တယ်လို့ စောမြရာဇာလင်း ဆို

အာရက္ခတိုင်းမ်စ် (၂၆ ဇူလိုင် ၂၀၂၆)

ဖက်ဒရယ်စနစ် တည်ဆောက်ရေးအတွက် အိန္ဒိယနိုင်ငံရဲ့ အတွေ့အကြုံတွေကို လေ့လာသင့်တယ်လို့ ALP ပါတီ ဥက္ကဋ္ဌက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ Constitutionalism & Federalism Lecture Series 3.0 အခမ်းအနားကို တက်ရောက်ပြီးနောက် သူ့အမြင်ကိုအခုလို ပြောပြခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားတွင် ပညာရှင်များဖြစ်တဲ့ Mahendra Lama၊ Pinaki Chakraborty၊ PC Nair နဲ့ Sabyasachi Dutta တိုက ဦးဆောင်ပြီး အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်စနစ်နှင့် ဗဟိုနှင့် ပြည်နယ်များအကြား ဆက်ဆံရေး၊ အိန္ဒိယ အရှေ့မြောက်ဒေသဆိုင်ရာ အထူးပြဋ္ဌာန်းချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်နှင့် ဖွဲစည်းပုံ အခြေခံဥပဒေဆိုင်ရာ အကာအကွယ်ပေးမှုများကို ‌ဆွေးနွေး ပို့ချခဲ့တာဖြစ်ပါတယ်။

“အိန္ဒိယ workshop ကိုသွားတာကလေ အိန္ဒိယနိုင်ငံရဲ့ ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုင်းကို လေ့လာရတဲ့အပိုင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို ရေးဆွဲခြင်းအားဖြင့် ပြည်သူတွေအတွက် ဘယ်လိုအနေအထားတွေကို ကောင်းကျိုးတွေကို ရရှိခဲ့တာလဲ။ ဖွဲ့စည်းပုံက ရှိနေတာ သက်သက်မဟုတ်ပဲနဲ့ ဖွဲ့စည်းပုံကိုအခြေပြုပြီးတော့မှ လွတ်လပ်မှုကို တန်းတူညီမျှမှုနဲ့ ပြည်သူပြည်သားတွေရဲ့ စည်းလုံးညီညွတ်မှုတွေကို ဘယ်လို ရရှိတယ်ဆိုတာကို အများကြီး လေ့လာမိတာရှိပါတယ်” လို့ ပါတီ ဥက္ကဌ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ လွတ်‌လပ်ရေးမရမှီ သီးခြားအုပ်ချုပ်ခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ၅၀၀ ကျော် ရှိခဲ့ပြီး ဆွေးနွေးညှိနှိင်းမှုတွေနဲ့အတူ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ခဲ့ကြတာဟာ မြန်မာနိုင်ငံအတွက် လေ့လာသင့်တဲ့ အတွေ့အကြုံတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ဆွေးနွေးညှိနှိင်းပြီးတော့မှ ခွဲမထွက်ချင်တော့အောင် ညီညွတ်လာအောင်၊ ခွဲထွက်စရာမလိုဘူးဆိုတဲ့ အသိရလာအောင်ထိ အကြောင်းအရာ တခုခုပေါ်လာလိုရှိရင် ညှိနှိင်းပြီး အိန္ဒိယနိုင်ငံက သွားကြတာ တွေ့ရတယ်။ အိန္ဒိယနိုင်ငံမှာရှိနေတဲ့ ဗဟိုနဲ့ ပြည်နယ်နဲ့ကြားမှာ မညီမျှမှု ရှိတယ်ဆိုလို့ရှိရင် အရေးပေါ်ညှိနှိင်းတိုင်ပင်ပြီးတော့မှ သွားခဲ့ကြတာမျိုးတွေ အဲ့ဟာတွေဆိုလို့ရှိရင် အရမ်းကိုမှ အလေးထားစရာတွေ တွေ့ရပါတယ်” လို့ ALP ပါတီ ဥက္ကဌက ဆက်ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်စနစ်မှာ ညှိနှိင်းတိုင်ပင်မှု၊ ပွင့်လင်းမြင်သာတဲ့ မဲစနစ်နဲ့ လွတ်လပ်ခွင့်တွေက အပြန်အလှန် ယုံကြည်မှုကို တိုးလာစေပြီး ပြည်နယ်တွေ အားကောင်းလာခြင်းက နိုင်ငံ တည်တံ့ခိုင်မြဲရေးအတွက် အထောက်အကူ ဖြစ်စေတယ်လို့လည်း စောမြရာဇာလင်းက သုံးသပ် ပြောဆိုခဲ့ပါတယ်။

Related posts

ပုဏ္ဏားကျွန်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

အာရက္ခအားမာန် ရဲဘော် ကျော်ဟန် အပိုင်း ၃၈ (ဒုတိယပိုင်း)

ရက္ခိုင်စားဖိုမှုးအသင်းက ကိုအောင်ချစ်ဦး ရုတ်တရက် ကွယ်လွန်