စစ်တွေမှာ ကြက်ဥ တစ်လုံး ၂၀၀၀ ကျပ်ထိ ဈေးတက်နေလို့ ရွေးတုအစိုးရ ဝက်နဲ့ နွားမွေးဖို့ စီစဉ်နေ

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ အခြေခံ စားသောက်ကုန် ဈေးနှုန်းထားတွေ မြင့်တက်နေတာကြောင့် ရွေးတုအစိုးရက ဝက်နဲ့ နွားတွေ မွေးနိုင်ရေး၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်ရေး နေရာတွေ လုပ်ပေးဖို့ စီစဉ်နေတယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခု အစိုးရကနေပြီး မောင်နီပြင်ရွာမှာ နွားတွေ မွေးမြူဖို့၊ ဝက်မွေးမြူဖို့၊ ဟင်းသီးဟင်းရွက်တွေ စိုက်ဖို့ အဲဒီလို နေရာတွေ လုပ်ပေးဖို့ အစည်းအဝေးတွေမှာ ပြောထားတယ်လို့ ကြားပါတယ်။ အဲဒီလိုဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ရန်ကုန်ကလာတဲ့ အမဲသား တစ်ပိဿာဆိုရင် တစ်သိန်းလောက် ပေးရမယ်။ ဒီလိုဆိုရင် စစ်တွေမှာ ဝယ်ဖို့ အသားတစ်ပိဿာဆိုရင် ဈေးတန်တန်နဲ့တော့ စားရမှာပေါ့။ အခုဆို အမဲသားက ရန်ကုန်ကလာတာနဲ့ တစ်ပိဿာကို တစ်သိန်း၊ ဝက်သားက ရန်ကုန်ကလာတာနဲ့ ရေခဲစိမ် တစ်ပိဿာကို ရှစ်သောင်း အဲဒီလိုနဲ့ စားနေရပါတယ်။ ကြက်ဥတောင်မှ အခု တစ်လုံးကို ၁၅၀၀၊ ၁၆၀၀ ပေးရပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာတော့ ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ သင်္ဘောတွေဟာ အချိန်မှန် မရောက်တဲ့အတွက် ကြက်ဥတစ်လုံးကို ၂၀၀၀ ကျပ်အထိ ဖြစ်နေပြီး ကွမ်းတစ်ဗီယာကို တစ်သောင်းရှစ်ထောင်ကျပ်အထိ ဈေးမြင့်တက်နေတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်က ကိုရီးယားဆိပ်ကမ်းမှာ ငါးဖမ်းပိုက်တွေကို ပြန်ချခွင့်ပြုပြီး ငါးဖမ်းခွင့်ကို ပြီးခဲ့တဲ့ ဇွန်လကတည်းက ခွင့်ပြုပေးထားတာပါ။

အရင်က စစ်တွေမြို့မှာ ငါးဖမ်းသမားတွေကို ပိုက်ချခွင့်တွေ အမျိုးမျိုး ကန့်သတ်ချက်တွေကြောင့် ပင်လယ်စာနဲ့ ပတ်သက်ပြီး မစားရသလို ငါးကိုတောင် မမြင်ဖူးကြတဲ့အထိကို ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာတော့ အုန်းတောကြီး၊ အုန်းတောရှည်ဘက်မှာလည်း ငါးဖမ်းပိုက်တွေ ပြန်ချခွင့် ပေးထားပြန်တယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခု ပြောသံကြားတာက အုန်းတောကြီး၊ အုန်းတောရှည်ဆိုတဲ့ ကုလားရွာမှာ ငါးဖမ်းစက်လှေ၊ ငါးဖမ်းပိုက်ပေါ့။ ပိုက် အလက် ၅၀ ချဖို့ဆိုတာလည်း ချခွင့် ပေးထားတယ်လို့ ပြောပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ပြည်သူတွေ အခုဆိုရင် ဈေးကြီးပေးပြီး ဝယ်စားနေရတာတွေ၊ ငါးဆိုရင်လည်း ဈေးကြီးပေးပြီး ဝယ်စားနေရတာ။ ငါးသတိုက်ဆိုရင် အသားတစ်တုံး တစ်ကွင်းမဟုတ်ဘူး။ တစ်ကွင်းကိုမှ အခြမ်း ၂ ခြမ်းစိတ်လို့ တစ်ခြမ်းကို တစ်သောင်း၊ နှစ်ခြမ်းဆို တစ်သောင်း ရှစ်ထောင်၊ ကိုးထောင်ရမှ ‌ရောင်းဖို့တို့။ ရှစ်ထောင်တောင် မရဘူး။ အဲဒီလို အခက်အခဲနဲ့ ဈေးကြီးပေးပြီး ဝယ်စားနေရတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့ဟာ စစ်ရေးအရ အလွန်တင်းမာလျက်ရှိပြီး အာရက္ခတပ်တော် (AA) နဲ့ ရွေးတုအစိုးရတို့အကြား စစ်ရေးအရ ဝိုင်းဝန်း ပိတ်ဆို့ခံထားရတာပါ။

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်ကာ ဒေသခံတွေမှာ စားဝတ်နေရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အလွန် စိုးရိမ်ပူပန်နေကြရတာ ဖြစ်ပါတယ်။

Related posts

မနှင်းနှင်းဝေအမှုကို ထိရောက်စွာ အရေးယူပေးဖို့ ပရဟိတအသင်းများနဲ့ အစည်းအရုံးများ တောင်းဆို

ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအတွက် သိန်း ၃၂၀ တန်ဖိုးရှိ အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းပေး

ဒုတိယအကြိမ် ရက္ခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို သြဂုတ်လ ၂ ရက်တွင် ဂျပန်မှာ ကျင်းပမယ်