အာရက္ခတိုင်းမ်စ် (၁ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်ကို ရောက်နေတဲ့ စစ်ကောင်စီဗိုလ်မှူးတစ်ဦး တိုက်ပွဲမှာ သေဆုံးတယ်လို့ စစ်တပ်က မိသားစုကို အသိပေးခဲ့ကြောင်း၊ စစ်တွေမြို့အနီး တိုက်ပွဲတွေမှာ ဖြစ်နိုင်တယ်လို့ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
သေဆုံးသူက စစ်တက္ကသိုလ် သင်တန်းဆင်း၊ ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့ဇာတိ ဗိုလ်မှူးအောင်ကျော်မိုး (၃၇ နှစ်) ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက် ညနေမှာ စစ်တပ်က မိသားစုဆီ အသိပေးခဲ့တယ်လို့ အဲဒီနီးစပ်သူက ဆိုပါတယ်။
ဗိုလ်မှူးအောင်ကျော်မိုးက လွန်ခဲ့တဲ့ ၃ လခန့်က ဗိုလ်မှူးရာထူးတိုးပြီး ရှမ်းပြည်ကနေ ရက္ခိုင်ပြည်ကို ရောက်လာတာဖြစ်လို့ စစ်တွေမြို့အနီး တိုက်ပွဲတွေမှာ သေဆုံးတာ ဖြစ်နိုင်ပြီး သေဆုံးတဲ့ရက်က အောက်တိုဘာလ ၂၆ ရက်လောက် ဖြစ်နိုင်တယ်လို့ အဲဒီနီးစပ်သူက ဆက်ပြောပါတယ်။
“အောက်တိုဘာ ၂၂ ရက် နေ့မှာ ဒကစထဲကို ကျနော်တို့ဘက်က ပစ်ခတ်မှုကြောင့် သူတို့စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးတွေအပါအဝင် အရာရှိ ၆ ယောက်ထက်မနည်း ကျဆုံးသွားတာရှိတယ်။ နောက်ပြီးတော့ တခြားအဆင့် စစ် သည်တွေလည်း အများအပြား ကျဆုံးတာတွေ ရှိတယ်” လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အာရက္ခတိုင်းမ်စ်ကို ပြောကြားခဲ့ပါတယ်။
စစ်တွေနဲ့ ပေါက်တောမြို့နယ်ကြား ကစ္ဆပနဒီမြစ်ဝက ငပြီကျွန်းကို AA က သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က အဲဒီကျွန်းကို ပြန်ရဖို့ ကြည်း၊ ရေ၊ လေ အင်အားသုံးပြီး တိုက်ခိုက်နေလို့ နှစ်ဖက်စလုံး ထိခိုက်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
Ref & Photo – မြေလတ်အသံ