သံတွဲမြို့နယ်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေ၊ ၂ ဦး ဒဏ်ရာရ(၁ နှစ်အရွယ်ကလေး ဒဏ်ရာရပြီး သူ့မိဘနှစ်ဦးလုံး သေဆုံး)

အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေရွာကို ‌ရွေးတုအစိုးရတပ်က ဒီကနေ့ ညနေ ၃ နာရီခန့်မှာ လေကြောင်းကနေ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“၃ နာရီ ပတ်ချာလည်လောက်မှာ ၂ ကြိမ် လာကြဲတာ။ ဗုံးကတော့ ၃ လုံးပါ။ သေတဲ့သူတွေကတော့ အပိုင်းပိုင်း အပြတ်ပြတ်ပဲ အိမ်တော်တော်များများလည်း ပျက်စီးသွားတယ်” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ကြဲချခဲ့တဲ့ ဗုံးကြောင့် သေဆုံးသွားသူများမှာ အသက် ၁၇ နှစ်အရွယ် ဆွေဇင်အေး၊ အသက် ၃၇နှစ်အရွယ် မမေမြတ်လွင်၊ အသက် ၃၇ နှစ်အရွယ် ကိုမျိုးဇော်ဝင်းနဲ့ နာမည် အတည်ပြုဆဲ တစ်ယောက်တို့ ဖြစ်ပါတယ်။

ထိခိုက် ဒဏ်ရာ ရရှိသွားသူတွေကတော့ သေဆုံးသွားတဲ့ ကိုမျိုးဇော်ဝင်းနဲ့ မမေမြတ်မွန်တို့ရဲ့သားဖြစ် အသက် ၁ နှစ်အရွယ် မောင်ညဏ်လင်းထက် နဲ့ အသက် ၅၀ အရွယ် ဦးဇော်သိန်း ဖြစ်တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ် ကြဲချလိုက်တဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံးဟာ လင်းသီနဲ့ ရွှေလှေရွာကြားကို ကျရောက်ပြီးတော့ ပေါင် ၅၀၀ ဗုံးတစ်လုံးကတော့ ကိုမျိုးဇော်ဝင်းရဲ့ ကုန်စုံဆိုင်ကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ကုန်စုံဆိုင် တစ်ဆိုင်၊ နေအိမ် ၃ လုံး နဲ့ အိမ်စီးကား ၂ စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – APM
(ဓာတ်ပုံများကို ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes ကြည့်ရှုနိုင်ပါတယ်။ သွေးထွက်သံယိုပုံများ ပါဝင်ပါတယ်)

Related posts

နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူ ၆ သိန်းနီးပါးအထိ ရှိလာ

ပုဏ္ဏားကျွန်းလမ်းဘေးတွင် စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးကို အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းက ပြုစုစောင့်ရှောက်ထား

AA တပ်ဖွဲ့ဝင်များ လက်နက်ချခြင်း လုံးဝမရှိဘဲ ရွေးတုအစိုးတပ်က တပ်ဖွဲ့ဝင်တွေသာ ဆက်တိုက် လက်နက်ချနေ