အထိနာနေတဲ့ နတ်ရေကန်တိုက်ပွဲကို ရွေးတုအစိုးရက လေယာဉ် ၆ စီးနဲ့ ကူတိုက်ပေးနေ

အာရက္ခတိုင်းမ်စ် (၃ သြဂုတ် ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ်က နတ်ရေကန်စခန်းအနီးတွင် အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရွေးတုအစိုးရဖက်က အထိနာနေလို့ လေယာဉ် ၆ စီးနဲ့ ပစ်ကူတွေပေးပြီး ကူတိုက်ပေးနေရတယ်လို့ သိရပါတယ်။

“AA ကို အငိုက်ဖမ်းတဲ့သဘောလားမသိဘူး။ ညသန်းခေါင် လာကြဲတာလေ။ မနေ့ညကပေါ့။ မှောင်နေတော့ ဘာလေယာဉ် အမျိုးအစားတော့ မသိပေမယ့် အားလုံးပေါင်း ၆ စီးနဲ့ကို လာကြဲတာ။ သူတို့ကြဲတာကတော့ နတ်ရေကန် တဝိုက်ပေါ့။ ပဇီတို့ ဂုတ်ကြီးတို့ အဲနေရာတွေကို လာကြဲတာ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ နတ်ရေကန်ကမ္ဘာလုံးစခန်းကို သိမ်းနိုင်ခဲ့ရင် ပဒါန်းတပ်နယ်ကို ခြိမ်းခြောက်နိုင်ပေမယ့် နတ်ရေကန်ကမ္ဘာလုံးစခန်းဟာ လေကြောင်းပစ်မှတ်တစ်ခုဖြစ်ပြီး မကွေးလေတပ်စခန်းဌာနချုပ်နဲ့ အလွန်နီးကပ်လို့ မသိမ်းတာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်

“သဘာဝဓာတ်ငွေ့ပိုက်လိုင်း Sub Station ရှိတဲ့ တာဝါတိုင်စခန်းကုန်းကို ခြေကုပ်ယူထားပြီး အကြမ်းဖက်တပ်ရဲ့ အမ်းရိုးမချီ စစ်ကို ဟန့်တားထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပန်းတောင်းတပ်နယ် ညောင်ကျိုးစစ်မျက်နှာမှာကဲ့သို့ ညောင်ကျိုးဗျူဟာကုန်းစခန်းကို ခြေကုပ်ယူထားပြီး ဆင်လန်ကနေတဆင့် လေသာတောင်ကို ဖြတ်ကျော်လာမယ့် အကြမ်းဖက်စစ်ကြောင်းတွေကို ဟန့်တားထားသလိုမျိုး ဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုဖူးပါတယ်။

ရွေးတုအစိုးရဟာ မနေ့ညက နတ်ရေကန်တဝိုက်ကိုသာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမဟုတ်ဘဲ မင်းတုန်းမြို့နယ် သဖန်ရောင်နဲ့ အမ်းမြို့နယ် တလိုင်းတောင်လမ်းရှိ နေရာတချို့နဲ့ သဖန်ရောင်ရွာအထက် ရိုးတောင်ခြေရင်းတွေကိုပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Related posts

တရုတ်ဖိအားကြောင့် TNLA အပြင် တခြားအဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးလာနိုင်

အာရက္ခလူ့ဘောင်သစ်ကို ပညာရေးဖြင့် ကြိုဆိုခြင်း

ရွေးတုအစိုးရက ကမ်းစပ် ၃ နေရာကို လက်နက်ကြီးနဲ့ပစ်၊ ၁ ဦး သေဆုံးပြီး ငါးဖမ်းလှေ ၁ စီး မီးလောင်ပျက်စီး