အာရက္ခတိုင်းမ်စ် (၄ ဩဂုတ် ၂၀၂၆)
အသွင်ကူးပြောင်းရေး အယောင်ဆောင် အစိုးရတုရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအပေါ် တရုတ်ဖိအားကြောင့် TNLA အပြင် တခြားအဖွဲ့တွေလည်း လာကြမှာဖြစ်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ထဲကမှ TNLA က စစ်ကောင်စီနဲ့ ပထမဆုံး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု စားပွဲဝိုင်းကို ရောက်ရှိလာတဲ့အဖွဲ့ဖြစ်ပြီး အခု ဩဂုတ်လအတွင်း ကိုးကန့်တပ် MNDAA ဟာလည်း တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
TNLA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း သူ့လူမျိုးစုတွေ နေထိုင်တဲ့ ဒေသအများစုကို ရထားပြီး ဖြစ်တာကြောင့် အပစ်အခတ်ရပ်စဲပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ချင်တဲ့ သဘောမျိုးလို့ မြင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“TNLA အနေနဲ့ကလည်း သူ့ခမျာ သိပ်အင်အားကြီးတဲ့ အဖွဲ့လည်း မဟုတ်ဘူးလေ။ အင်အား အသင့်အတင့်လောက်ပဲ ရှိတဲ့အခါကြတော့ အပစ်ခတ်ရပ်စဲရေး၊ နောက်တစ်ခုက မနှစ်ကပေါ့ သူ့ရဲ့ စစ်ဆင်ရေးတွေအပြီးမှာ သူ့လူမျိုးစုတွေနေထိုင်တဲ့ ဒေသတော်တော်များများကို ရထားပြီးပြီ။ သူ့ဒေသလေးမှာ သူ့ဟာသူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဒေသလေးရှိထားတော့ တကယ်လို့ အပစ်အခတ်ရပ်စဲမယ်ဆိုရင် သူ့အနေနဲ့က ခြေနိုင်၊ လက်နိုင် သူ့လူမျိုးစုတွေ တိုးတက်ဖွံ့ဖြိုးအောင် လုပ်နိုင်ပါတယ်။ ဒီကြားထဲ တရုတ်ကလည်း ဖိအားပေးတာ ဖြစ်တာကိုနော်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲက အဓိက တရုတ်က ဖိအားပေးလို့ပဲ စစ်ကောင်စီကိုရော၊ ဒီလူမျိုးစုအဖွဲ့တွေကိုရော တရုတ်ရဲ့ ဖိအား ပါတာပဲ။ တရုတ်ရဲ့ ဖိအားက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲကြ။ ပြီးရင် စီးပွားရေး အရ သူကူညီစရာ ရှိတာတွေ ကူညီမယ်ပေါ့။ အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်လာတာ။ အဲဒီတော့ TNLA ဘက်က စစ်တိုက်နေရတာထက်စာရင်၊ ဘယ်သူမှ စစ်မတိုက်ချင်ဘူး။ မလွှဲမရှောင်သာလို့ တိုက်ရတာ။ သူက သူ့ဒေသလေးကို တရားဝင် အသိအမှတ်ပြုတာလေး ရမယ်ဆိုရင်လည်း အပစ်အခတ် ယာယီရပ်စဲ ပြီးတော့ သူ့ဒေသလေး ဖွံ့ဖြိုးတိုးတက်အောင် သူလုပ်နိုင်မယ်။ ဒါကို ကျမတို့ နားလည်ပေးဖို့ လိုပါတယ်။ အဲဒီ ရည်မှန်းချက်နဲ့ ဒီဟာတွေ လုပ်တယ်ထင်တယ် ကြည့်ရတာ။ မကြာခင် တခြားအဖွဲ့ တွေလည်း သွားကြမှာပါ။ ဘာဖြစ်လို့ဆို သူက အကုန်လုံးကို ဖိတ်ထားတာပဲ။ ကျန်တဲ့ အဖွဲ့တွေလည်း သွားဖို့ရှိပါတယ်” လို့ သူက ပြောပါတယ်။
TNLA ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဉ်က ပလောင်ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ UWSA နဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လျက်ရှိပြီး မိုင်းလားအဖွဲ့နဲ့လည်း နောက်တစ်ကြိမ် ဆွေးနွေးကြဦးမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတအယောင်ဆောင် ဦးမင်းအောင်လှိုင်က ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲမှာ ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်လှစ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) ၁၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြောကြားထားပါတယ်။
အဲဒီ အဖွဲ့တွေကတော့ ရှမ်းနီအမျိုးသားများတပ်မတော်( SNA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်( NDAA)၊ “ဝ”ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ချင်းအမျိုးသားအစည်းအရုံး (CNO)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ KNU/KNLA-PC၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA ) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) တို့ ဖြစ်ကြပါတယ်။