စစ်တွေမြို့မှာ လူကုန်ကူးသူတွေကို ထောင်မချဘဲ ငွေကြေးတောင်းနေ

အာရက္ခတိုင်းမ်စ် (၁၀ ဩဂုတ် ၂၀၂၆)

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ တရုတ်နိုင်ငံကို တရုတ်မယားအဖြစ် လူကုန်ကူးမှု ပွဲစားလုပ်နေကြတဲ့ ပွဲစားတွေကို ဖမ်းဆီးရမိပေမယ့် ထောင်ဒဏ်မချဘဲ ငွေဒဏ်ပဲ ချမှတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသမီး၊ ကလေးနဲ့ လူငယ်တွေကို လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိနဲ့အတူ ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ ဥပဒေမှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။

လက်ရှိ စစ်တွေမှာတော့ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီက အဖွဲ့ဝင်တွေဟာ လူကုန်ကူးတဲ့သူတွေဆီကနေ ငွေကျပ် သိန်း ၅၀ တောင်းယူနေသလို၊ စစ်တွေတရားရုံးကနေလည်း ဖမ်းမိထားတဲ့ လူကုန်ကူးပွဲစားကိုလည်း ထောင်မချဘဲ ငွေကျပ် ၂၅ သိန်းပဲ တောင်းခံတယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဟိုနေ့ကတော့ လူကုန်ကူးနေတဲ့ အမျိုးသမီးတစ်ယောက်ကို ALP က ခေါ်ယူပြီးတော့ မေးမြန်းတယ်။ ပြီးတော့ ငွေ သိန်း ၅၀ တောင်းတယ်တဲ့ အဲဒီလို ပြောသံကြားတယ်။ ပြီးတော့ တရုတ်ပြည်ကို မိန်းကလေး ၂ ယောက်ပို့လို့ အဖမ်းခံထိတဲ့ ပွဲစားမကိုလည်း တရားရုံးက ထောင်ဒဏ်မချဘဲနဲ့ ငွေဒဏ်အနေနဲ့ ၂၅ သိန်းလားမသိဘူး ချမှတ်မယ်ဆိုပြီး ပြောနေကြတယ်။ အဲဒီလိုမျိုးတော့ မဖြစ်စေချင်ဘူး။ အဲဒီပိုက်ဆံတွေက သူတို့ လူတစ်ယောက် ပို့လိုက်တာနဲ့ ကျေသွားပြီလေ။ ထောင်ဒဏ် ဘယ်လောက်လဲ ဥပဒေမှာ ပြဌာန်းထားတာတော့ ရှိမှာပါ။ ထောင်ချမှပဲ ထိရောက်မယ်လို့တော့ ထင်တယ်အန်တီကတော့” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့ကလည်း လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး တိုင်းတန်းတဲ့အခါမှာ သက်သေမရှိတဲ့အတွက် ဖမ်းဆီးအရေးယူလို့ မရဘူးလို့လည်း ပြောပါတယ်။

ဒါ့ကြောင့် ဒေသခံတွေကိုယ်တိုင် လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး တိုင်းတန်းချင်ရင်လည်း လူကုန်ကူးသူကို ကိုယ်တိုင် ဖမ်းဆီးပေးရမယ့်ပုံစံ ဖြစ်နေတယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။

“လူကုန်ကူးတာကို တိုင်ရင်လည်း လူကုန်ကူးရဲက သက်သေအထောက်အထား မရှိလို့ သွားဖမ်းလို့ မရဘူးလို့ ပြောတယ်။ အန်တီတို့ စစ်တွေကနေ ရန်ကုန်ကို သွားမယ်ဆိုလို့ရှိရင် အထုတ်အပိုးတွေနဲ့ ဖြစ်နေတာလေ။ လူကုန်ကူးတဲ့သူတွေကျတော့ သိသာတယ်။ သူတို့က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့။ ပြီးတော့ ဘာအထုတ်အပိုးမှ မပါဘူးဆိုတော့ လေဆိပ်မှာ အဲဒါကို တားပြီး စစ်ဆေးလိုက်ရင် ပေါ်လာမယ်ဆိုတာ အန်တီတို့ လူကုန်ကူးကို ထောက်ပြတယ်။ သူတို့က အဲဒီလောက်နဲ့ မရဘူးတဲ့။ အဲဒီလိုဆို အန်တီတို့က ဘယ်လို လုပ်ရမလဲ၊ ဝန်ကြီးချုပ်အထိကို တက်ပြီး တိုင်ရတော့မှာလား လူကုန်ကူးရဲကတောင် ဘာမှ မလုပ်နိုင်ဘူးဆိုတော့” လို့ ပြောပါတယ်။

အဲဒါအပြင် လက်ရှိ စစ်တွေမြို့မှာ အမျိုးသမီးတွေကို တရုတ်ပြည်ကို တရုတ်မယားအဖြစ် ပွဲစားတွေကို လာရောက်ခေါ်ယူမှုတွေ၊ အမျိုးသမီးတွေကို တရုတ်ပြည်ကို သွားဖို့အတွက် ပြင်ဆင်နေကြတာတွေလည်း ရှိပါတယ်။

စစ်တွေမြို့မှာ ဒေသခံတွေဟာ စားဝတ်နေရေး ကြပ်တည်းမှုကြောင့် တရုတ်ပြည်ကို တရုတ်မယားအဖြစ် သွားရောက်လုပ်ကိုင်မှုတွေ ပိုပြီးတော့ များလာတယ်လို့ သိရပါတယ်။

Related posts

သံတွဲ ကျောက်ကြီးဗုံးကြဲခံရမှု ပြည်သူ ၁၀ ဦးအထက်သေဆုံး၊ ၈ ဦး ဒဏ်ရာရ

ဆေးကုသမှု လိုအပ်သူတွေကို စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်း ကူညီပေးနေ

လစဉ်အလှူရှင်များရဲ့ အကူညီနဲ့ အိမ်များ ဆက်လက် ဆောက်လုပ်ပေးနေ