အာရက္ခတိုင်းမ်စ် (၁၄ သြဂုတ်၂၀၂၆)
ရက္ခိုင်ပြည် ဧရာဝတီအစပ်တွင် ရွေးတုအစိုးရတပ်က ထိုးစစ်ဆင်နေတာကို အာရက္ခတပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန်စစ်ကြောင့် ထိခိုက် ကျဆုံးမှုများနဲ့ တပ်လန်ဆုတ်ခွာသွားတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
“ဩဂုတ်လ ၁၂ ရက်နေ့တွင် သာပေါင်းမြို့နယ်ဘက်က ထိုးစစ်ဆင်လာဲ့ ရန်သူရဲ့ တပ်မ ၆၆ လက်အောက်ခံ၊ ခလရ ၁၀၁ တပ်ရင်း နဲ့ အာရက္ခတပ်တော်တို့ သာပေါင်းကလေးကျေးရွာ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် နံနက် ၆း၅၃ ကနေ ၉း၅၃ အချိန်အထိ ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ ရန်သူဟာ သူတို့ရဲ့အားသာချက်ဖြစ်တဲ့ လေကြောင်း၊ ဒရုန်း နဲ့ မြေပြင်က လက်နက်ကြီးပစ်ကူတို့ကို အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်တယ်။ သို့သော်လည်း အာရက္ခတပ်တော် စစ်သည်တော်များက ခုခံစစ်၊ တန်ပြန်ထိုးစစ်တို့ဖြင့် အကောင်းဆုံး ခုခံတိုက်ခိုက်နိုင်ခဲ့တာကြောင့် ရန်သူ့ဘက်မက အထိအခိုက်အကျအဆုံးများနဲ့ တပ်လန်ကာ ထွက်ပြေး ဆုတ်ခွာသွားခဲ့တယ်။ မိမိတို့ဘက်က လိုက်လံရှင်းလင်းခဲ့ရာ ရန့်သူ့အလောင်းအချိုနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
ရက္ခိုင်ပြည်အတွင်းကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေတဲ့ ရွေးတုအစိုးရတပ်နဲ့ အာရက္ခတပ်တော် တို့အကြား ရေကြည်နဲ့ သာပေါင်းမြို့နယ်တွင် ဩဂုတ်လ ၁၂ ရက်က တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး တစ်ရက်တည်း နေရာ ၅ ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
ရေကြည်မြို့နယ်ဘက်က ထိုးစစ်ဆင်လာတဲ့ တပ်မ ၆၆ လက်အောက်ခံ၊ ခလရ ၁၊ ၁၁ တပ်ရင်းများနဲ့ အာရက္ခတပ်တော် စစ်ကြောင်းဟာ ပွိုင့် (၁၀၁) ကုန်း တောင်ဘက် မီတာ ၃၇၃ ခန့်တွင် နံနက် ၇ နာရီကနေ နေ့လယ် ၂ နာရီ ၃၉ မိနစ်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပွိုင့် ၁၀၁ ကုန်း အနောက်တောင်ဘက် ၁.၁၃ ကီလိုမီတာခန့် အကွာတွင်လည်း နံနက် ၉ နာရီ ၂၄ မိနစ်ကနေ နေ့လယ် ၁ နာရီ ၄၀ မိနစ် အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
ရွေးတုအစိုးရတပ်ဟာ ဂျက်၊ Y12 ၊ ဒရုန်းနဲ့ မြေပြင်လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး စစ်ကြောင်းများဖြန့်ခွဲကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲများတွင်လည်း မိမိတို့ဘက်က အကောင်းဆုံး ခုခံတိုက်ထုတ်နိုင်ခဲ့တာကြောင့် ရန်သူ့အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ အရက္ခတပ်တော်က ဆိုပါတယ်။
ရန်သူရဲ့ ထိုးစစ်တိုင်းကို တည်ငြိမ်စွာနဲ့ ခုခံစစ်ဆင်နွှဲရင်း ရန်သူတပ်လန်သွားတဲ့အထိ ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်များကို အာရက္ခတပ်တော်၊ စစ်ရုံးချုပ်က မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့လည် အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။