ကျိန္တလီကို ရွေးတုတပ် ဗုံးကြဲလို့ ပြည်သူ ၈ ဦး အစုလိုက် အပြုံလိုက် သေဆုံး

အာရက္ခတိုင်းမ်စ် (၁၄ သြဂုတ်၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ကို ရွေးတုအစိုးရတပ်က သြဂုတ်လ ၁၃ ရက် ည ၁၁ နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၈ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့တယ်လို့အာရက္ခတပ်တော်က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ဂွမြို့နယ် ကျိန္တလီမြို့ အမှတ် ၁ ရပ်ကွက် မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်များအတွင်းကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လေတပ်က ဂျက်တိုက်လေယာဉ် တစ်စီးဟာ ဗုံးသီး ၂ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၇ နှစ်အရွယ် မောင်နေလင်းသန့်၊ အသက် ၁၂ နှစ်အရွယ် မောင်ဉာဏ်လင်းသန့်၊ အသက် ၂၆ နှစ်အရွယ် မဝင်းအိ‌ကျော်၊ အသက် ၃၅ နှစ်အရွယ် မောင်မင်းဝေခန့်၊ အသက် ၃၆ နှစ်အရွယ် မဖြိုးဖြိုးကျော်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်စန္ဒာထွန်း၊ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလင်းနဲ့ အသက် ၆၀ အရွယ် ဒေါ်ခင်မိုးရွှေတို့ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပါတယ်။

အလားတူ ကျိန္တလီမြို့ မေတ္တာပေါင်းကူးလမ်းပေါ်က ဒေသခံပြည်သူ နေအိမ် ၅ လုံးနဲ့ သုံးဘီးဆိုင်ကယ် ၁ စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်နဲ့ မြေပြင်တိုက်ပွဲတိုင်းတွင် အထိနာနေတဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အပြစ်မဲ့ အရပ်သား ပြည်သူလူထုများအပေါ် နေ့ညအချိန်မရွေး လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်လာနေသောကြောင့် အာရက္ခဒေသတစ်ခုလုံး လေကြောင်းရန်ကို “အချိန်ပြည့်” အထူး ဂရုစိုက်ကြရန် ထပ်မံတိုက်တွန်းလိုက်ပါတယ်လို့လည်း အာရက္ခတပ်တော်က ထပ်မံ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိင်ပါတယ်။ သွေးလန့်စရာ ပုံများ ပါဝင်ပါတယ်။

Related posts

သတင်းထောက် မနီနီဝင်းကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအပေါ် IMJA ရှုတ်ချ

စစ်အုပ်စုက ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် အထိမခံဖြစ်နေပုံရ

AA ရဲ့ ခုခံစစ်နဲ့ တန်ပြန်စစ်ကြောင့် ရွေးတုတပ် အကျအဆုံးနဲ့ တပ်လန်ဆုတ်သွား