အာရက္ခတိုင်းမ်စ် (၂၅ ဩဂုတ်လ ၂၀၂၆)
ပွဲစားလိမ်လည်မှုကြောင့် ပတ်စပိုစ့် သိမ်းခံရပြီး ဒုက္ခရောက်နေတဲ့ ခမီအမျိုးသမီးကို ခမီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးအသင်း-ထိုင်းနိုင်ငံ (KNDA) က သွားရောက် ကူညီခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အမျိုးသမီးဟာ အသက် ၂၄ နှစ်အရွယ်ရှိပြီး ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ဇာတိ ဖြစ်ပါတယ် ။မြန်မာပွဲစား (အေဂျင်စီ) တစ်ခုက စင်္ကာပူကို အိမ်အကူလုပ်ရန် PV passport နဲ့ ပို့ဆောင်ခဲ့ပြီး နှစ်လကျော်အကြာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်မှာ ထိုင်းနိုင်ငံကို ပြန်လည် ပို့ဆောင်ခံခဲ့ရတာလို့ သိရပါတယ်။
ထိုင်းနိုင်ငံကို ရောက်တဲ့အခါမှာလည်း အစားအစာ ကျွေးခြင်းမရှိသလို passport ကို သိမ်းယူထားပြီး passport ကို ပိုက်ဆံနဲ့ ပြန်ရွေးယူရမယ်ဆိုကာ မောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
မောင်းထုတ်ခံရပြီးနောက် သူမရဲ့ မိတ်ဆွေတွေကတဆင့် KNDA ကို ဆက်သွယ်လာတာကြောင့် အသင်းက သွားရောက် ခေါ်ဆောင်ကာ ကူညီပေးခဲ့တာလို့ ခမီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးအသင်း-ထိုင်းနိုင်ငံရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“နိုင်ငံခြားသွားမယ့် အမျိုးသမီးရော၊ အမျိုးသားရော မသွားခင် အေဂျင်စီတွေကို သေချာ လေ့လာပါ။ မိသားစုဝင် (သို့) ယုံကြည်ရတဲ့သူတွေရဲ့ အဆက်သွယ်နဲ့ သွားကြဖို့ ပြောချင်ပါတယ်။ မိဘတွေအနေနဲ့လည်း နိုင်ငံခြားကိုရောက်ရင် ငွေရမှာပဲဆိုတဲ့ အသိတစ်ခုတည်းနဲ့ သားသမီးတွေကို ကြုံရာလူနဲ့ မထည့်ကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ အဆိုပါတာဝန်ရှိသူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါ အမျိုးသမီးကို ထိုင်းနိုင်ငံမှာပဲ စောင့်ရှောက် ကူညီထားတယ်လို့ ခမီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးအသင်း-ထိုင်းနိုင်ငံ က ဆိုပါတယ်။