U.S.A ရောက် ရက္ခိုင်သံဃာတော်နဲ့ ဒါယကာ၊ ဒါယိကာမများက ကျောက်တော် စစ်ဘေးဒုက္ခသည်များအတွက် ငွေကျပ် ၃၈၈ သိန်းကျော် လှူဒါန်း

အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ၂၀၂၆)

အမေရိကန်ပြည်နယ်အသီးသီးတွင် သီတင်းသုံးနေကြတဲ့ ထေရဝါဒ ရက္ခိုင်ရဟန်းတော်များအဖွဲ့ (Theravada Arakan Monks Association U.S.A INC) ရဲ့ ဦးဆောင်မှုနဲ့ နီးစပ်ရာ ဒါယကာ၊ ဒါယိကာမများ စုပေါင်းပြီး ကျောက်တော်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် အရေးပေါ် အလှူငွေများ ပေးပို့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လှူဒါန်းမှုတွင် အမေရိကန်ဒေါ်လာ ၈,၉၃၀ နဲ့ ညီမျှတဲ့ မြန်မာငွေကျပ် ၃၈,၈၄၅,၅၀၀ (သုံးရာရှစ်ဆယ့်ရှစ်သိန်း လေးသောင်းငါးထောင်ငါးရာကျပ်တိတိ) ပါဝင်ပါတယ်။

အဆိုပါ လှူဒါန်းငွေတွေကို ကျောက်တော်မြို့ရှိ “ဖြူစင်မေတ္တာပရဟိတအသင်း” ကတဆင့်ခံ ပေးပို့ခဲ့ပြီး ဒုက္ခသည်များအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အမြန်ဆုံး အသုံးပြုသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့တွင် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရပြီးနောက် ပြည်တွင်းပြည်ပမှ ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့မှုတွေ ပိုမို လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ပြည်ပရောက် ရက္ခိုင်သံဃာတော်များနဲ့ စေတနာရှင်ပြည်သူများရဲ့ အခုလို မေတ္တာရှေ့ထားတဲ့ ထောက်ပံ့လှူဒါန်းမှုဟာ စစ်ဘေးဒုက္ခသည် ပြည်သူများအတွက် လက်တွေ့ကျတဲ့ အားပေးကူညီမှုတစ်ရပ် ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Related posts

စက်တင်ဘာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၈ ဦး သေဆုံးခဲ့ပြီး အများစုမှာ ရက္ခိုင်က ဖြစ်

အသက်မပြည့်သေးတဲ့ လူငယ်တစ်ဦးကို ULA/AA မိဘများထံ ပြန်လည်အပ်နှံ

စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်မှုကြောင့် မြေပုံက ငါးဖမ်းသမား ၂ ဦး ပင်လယ်ပြင်တွင် ပျောက်ဆုံးနေ