ICJ နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်များနဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်များအပေါ် RUFC ကန့်ကွက်

အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၆)

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ စွပ်စွဲချက်များနဲ့ ရက္ခိုင်ပြည်အတွင်း ပြန်လည်နေရာချထားရေး အစီအစဉ်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း စစ်တွေမြို့အခြေစိုက် ရခိုင်ယူနိုက်တက်ဘောလုံးအသင်း (Rakhine United Football Club) က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

ICJ တရားရုံးတွင် စွဲဆိုထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များဟာ မြေပြင်အခြေအနေနဲ့ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေကို မျက်ကွယ်ပြုထားတဲ့ နိုင်ငံရေးအရ လှုံ့ဆော်စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ အသင်းဘက်က ဖော်ပြထားပါတယ်။

ထို့အပြင် နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အချုပ်အခြာအာဏာ တန်းတူညီမျှမှုနဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး မူဝါဒများကို ချိုးဖောက်လျက် သမိုင်းကြောင်းအရ တည်ရှိခြင်း မရှိတဲ့ အမည်နာမနဲ့ ပုံဖော်စွပ်စွဲနေမှုများကို ပြတ်သားစွာ ပယ်ချတယ်လို့လည်း အသင်းဘက်က ဆိုပါတယ်။

တစ်ဆက်တည်းမှာပင် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေများနဲ့ သမိုင်းဆိုင်ရာ အချက်အလက်များကို ဆန့်ကျင်ပြီး ရက္ခိုင်ပြည်အတွင်း ပြန်လည်နေရာချထားမယ့် မည်သည့်အစီအစဉ်နဲ့ ဖိအားပေးမှုမျိုးကိုမဆို ခြွင်းချက်မရှိ လုံးဝ လက်ခံနိုင်ခြင်း မရှိကြောင်း အတိအလင်း ကြေညာထားပါတယ်။

ရက္ခိုင်ပြည်နဲ့ နိုင်ငံတော်တစ်ဝန်းလုံးရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ ဒေသခံ တိုင်းရင်းသားပြည်သူများရဲ့ လုံခြုံအေးချမ်းမှုကို ထိပါးစေမယ့် မည်သည့်လုပ်ရပ်ကိုမဆို ရှုတ်ချပြီး မြန်မာနိုင်ငံနဲ့အတူ ခိုင်မာစွာ တစ်သားတည်း ရပ်တည်လျက်ရှိကြောင်း ရခိုင်ယူနိုက်တက်ဘောလုံးအသင်းက ထုတ်ပြန်ထားပါတယ်။

Related posts

အာရက္ခအမျိုးသားတက္ကသိုလ်က အင်္ဂလိပ်စာ ဘွဲ့လွန်ဒီပလိုမာ ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

ဝီရဌာနီကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါ ၄ ဦးသေ၊ ၁၃ ဦးဒဏ်ရာရလို့ AA ထုတ်ပြန်

အနောက်ဘက်တံခါး လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ALP ဥက္ကဋ္ဌ ပြော